International News

SMEs များအတွက် အထောက်အပံ့ဖြစ်စေရန် ဈေးရောင်းပွဲတော်ကို နောက်ထပ်သုံးနှစ် ဆက်လက်ပြုလုပ်သွားမည့် ဟောင်ကောင်ဒေသ

Last Updated:

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ဒေသရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရန် ဈေးရောင်းပွဲတော်ကို နောက်ထပ်သုံးနှစ် ဆက်တိုက်ဆက်လက်ပြုလုပ်သွားမည်ဟု ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Algernon Yau က SME Reach Out: FUND Fair plus Tech Sourcing 2025." ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း The standard သတင်းစာမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် “Shopping Festival extended for next three years to support SMEs” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ကမ္ဘာ့စီးပွားရေးလျင်မြန်စွာပြောင်းလဲနေခြင်းနှင့် နည်းပညာသစ်များတိုးတက်ခြင်းနှင့်အတူ အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေဖြင့် လိုက်လျောညီစွာပြောင်းလဲသင့်ကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသရှိ လုပ်ငန်းများနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန်၊ one-stop business matching and referral ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် Creativity E-commerce- Beyond Limits အစီအစဉ်ကို စတင်သွားမည်ဖြစ်ပြီး၊ အဆိုပါဆောင်ရွက်ချက်သည် SME လုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်ခွဲဖြာနိုင်ရေး အထောက်အကူဖြစ်ရန်နှင့် SME လုပ်ငန်းများအဆင့်မြှင့်တင်မှု အရှိန်အဟုန်တိုးမြင့်လုပ်ဆောင်နိုင်ရေး အတွက် တွန်းအားဖြစ်စေရန် ရည်ရွယ်သည်ဟု Yau က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒေသမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား လာမည့်သုံးနှစ်အတွင်း ဟောင်ကောင်ဈေးရောင်းပွဲတော်များမှတစ်ဆင့် တရုတ်ပြည်မနှင့် အာဆီယံဈေးကွက်များရှိ အီလက်ထရောနစ် ကူးသန်းရောင်းဝယ် ရေးလမ်းကြောင်းများသို့ ချဲ့ထွင်ဝင်ရောက်နိုင်ရေးအတွက် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆက်စပ်သတင်းဖော်ပြချက်များအရ (၁၂)ကြိမ်မြောက် ဟောင်ကောင်အစားအစာအရောင်း ပွဲတော်ကို လာမည့်အောက်တိုဘာ ၁၈ ရက်မှ စတင်ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဈေးပွဲတော်သို့ လာရောက်သူနှစ်သိန်းခန့်နှင့် ဟောင်ကောင်ဒေါ်လာသန်း ၁၀၀ ခန့်ရောင်းချနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News