International News

အိန္ဒိယနိုင်ငံသည် ကွမ်းသီးလှော်(Roasted areca nut) ကို ၁ ကီလို ဂရမ်လျှင် ရူပီး ၃၅၁ အောက်ဈေးနှုန်းဖြင့် တင်သွင်းခြင်းအပေါ် ကန့်သတ်ချက်များချမှတ်

Last Updated:

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)မှ ၁၅-၁၀- ၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၅ -၂၆ အရ ကွမ်းသီးလှော်(Roasted areca nut)ကို ၁ ကီလိုဂရမ်လျှင် ရူပီး ၃၅၁ အောက်ဈေးနှုန်းဖြင့် ပြည်ပမှ တင်သွင်းခြင်းအပေါ် ကန့်သတ် ချက်များချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် ITC(HS)ကုဒ်နံပါတ် ၂၀၀၈၁၉၉၁ အောက်ရှိ ကွမ်းသီးလှော်များအတွက် အနိမ့်ဆုံးတင်သွင်းဈေးနှုန်း (Minimum import price-MIP)ကို သတ်မှတ်ထားသည်။ CIF တန်ဖိုး ၁ ကီလိုဂရမ်လျှင် ရူပီး ၃၅၁ အောက်ရှိ ကွမ်းသီးလှော်တင်သွင်းခြင်းကို ယခုအခါ တားမြစ်ထားပြီး၊ အခြားသောအလှော်ခံထားသည့် အခွံမာသီးများနှင့် အစေ့အဆန်များသည် လွတ်လပ်စွာ တင်သွင်းခွင့်မူဝါဒအောက်တွင် ဆက်လက်တည်ရှိနေကြောင်း တွေ့ရှိရသည်။

အဆိုပါမူဝါဒသည် ကွမ်းသီး(ITC (HS)ကုဒ်နံပါတ် ၀၈၀၂၈၀၉၀)များကိုလည်းအကျုံးဝင်စေပြီး၊ CIF တန်ဖိုးသည် ၁ ကီလိုဂရမ်လျှင် ရူပီး ၃၅၁ နှင့်ညီမျှခြင်း သို့မဟုတ် ကျော်လွန်ခြင်းမရှိပါက တင်သွင်းခြင်းကို ဆက်လက်တားမြစ်ထားသည်။ သို့သော် အရေးပါသော ကင်းလွတ်ခွင့်များသည် ၁၀၀ ရာခိုင်နှုန်းပို့ကုန်ဦးတည်သော ယူနစ်များ(Export Oriented Units-EOUs)၊ အထူးစီးပွားရေးဇုန်ယူနစ်များနှင့် ကြိုတင်ခွင့်ပြုချက်အစီအစဉ်အောက်မှ တင်သွင်းမှုများ(Advance Authorization Scheme)အတွက် အကျုံးဝင်ကြောင်း တွေ့ရှိရသည်။

ဗဟိုကွမ်းသီးနှင့် ကိုကိုးဈေးကွက်ရှာဖွေရေးနှင့်ပြုပြင်ထုတ်လုပ်ရေး သမဝါယမအသင်း(Central Arecanut and Cocoa Marketing and Processing Cooperative-CAMPCO)သည် အဆိုပါတားမြစ်ချက်ကို ကြိုဆိုခဲ့ပြီး ကွမ်းသီးလှော်များအား ကန့်သတ်ချက်မရှိ တင်သွင်းမှုများကြောင့် 'Pattora' ကဲ့သို့သော ပြည်တွင်းအရည်အသွေးနိမ့်မျိုးကွဲများ၏ ဈေးနှုန်းများကို ကျဆင်းစေပြီး ဈေးကွက်ဝယ်လိုအားကို အားနည်းစေခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ အဆိုပါကန့်သတ်ချက်သည် တစ်ဖက်တွင် ပို့ကုန်ကိုအဓိကထားသည့် စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ရေးကွင်းဆက်များကို ထိန်းသိမ်းထားရင်း တစ်ဖက်တွင် အိန္ဒိယကွမ်းသီးစိုက်ပျိုးသူများကို ဈေးသက်သာသော တင်သွင်းကုန်များ၏ အန္တရာယ်မှ ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။

References: (1) The Directorate General of Foreign Trade (DGFT), Notification No. 43/2025-26, October 15, 2025.

                    (2) The Economic Times, Imports of roasted areca nuts below ₹351/kg restricted, October 17, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News