ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟိုင်ဖုန်မြို့မှ အာဏာပိုင်များသည် အောက်တိုဘာလ ၁၆ ရက်နေ့က ဧရိယာ ၆၂၉၂ ဟက်တာကျယ်ဝန်းသည့် လွတ်လပ်သောကုန်သွယ်မှုဇုန်(FTZ)တည်ထောင်ရန် ကြေညာခဲ့ပြီး ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများ၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာတို့အတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာကျသော ခြေလှမ်းတစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။
အဆိုပါလွတ်လပ်သောကုန်သွယ်မှုဇုန်တွင် Dinh Vu-Cat Hai စီးပွားရေးဇုန်နှင့် တောင်ပိုင်း Hai Phong ကမ်းရိုးတန်းစီးပွားရေးဇုန်တို့နှင့်ချိတ်ဆက်ထားသော သီးခြားနေရာများစွာ ပါဝင်သည်။ Chan Hung နှင့် Hung Thang တောင်ပိုင်းကမ်းရိုးတန်းဇုန်မှ ဟက်တာ ၃၀၀၀ နီးပါး၊ Dinh Vu - Cat Hai EZ စီးပွားရေးဇုန်မှ ဟက်တာ ၁၀၀၀ ကျော်၊ Cat Hai အထူးဇုန်မှ ဟက်တာ ၂၃၀၀ နီးပါးပါဝင်မည်ဖြစ်သည်။
ဟိုင်ဖုန်လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် ထုတ်လုပ်မှုဆိပ်ကမ်းများ၊ထောက်ပံ့နှင့် ပို့ဆောင်ရေး၊ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုများအတွက် သီးခြားနယ်မြေများပါဝင်မည် ဖြစ်သည်။ အဆိုပါဧရိယာများသည် အကောက်ခွန်မဲ့ဇုန်စည်းမျဉ်းများအောက်တွင် လည်ပတ်မည်ဖြစ်ပြီး လုပ်ငန်းများအဆင်ပြေချောမွေ့ပြီး လိုက်လျောညီထွေရှိစေရန် အကောက်ခွန်အာဏာပိုင်များက စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ထိန်းချုပ် ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)