International News

အမေရိကန်အခွန်များသည် ထိုင်းနိုင်ငံ၏ GDP ကို ကျဆင်းစေနိုင်ကြောင်း Joint Standing Commi-ttee on Commerce, Industry and Banking (JSCCIB) က သုံးသပ်ပြောကြားခဲ့

Last Updated:

အမေရိကန်သည် စီစဉ်ထားသည့်အတိုင်း ဧပြီလ ၂ ရက်နေ့မှစ၍ အပြန်အလှန်အခွန်ကောက်ခံမှု ပြုလုပ်ပါက ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုသည် ၀.၂ ရာခိုင်နှုန်းမှ ၀.၆ ရာခိုင်နှုန်းရှိနိုင်ကြောင်း ထိုင်းစက်မှုနယ်ပယ်ခေါင်းဆောင်များက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ပုဂ္ဂလိကကဏ္ဍသည် မသေချာမှုများအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမေရိကန်၏အပြန်အလှန်အခွန်ကြောင့် ထိုင်းနိုင်ငံ၏ GDP ကို ၀.၂ ရာခိုင်နှုန်းမှ ၀.၆ ရာခိုင်နှုန်းလျော့နည်းစေနိုင်မည်ဟု ကနဦးခန့်မှန်းထားပြီး အမှန်တကယ်သက်ရောက်မှုကိုလည်း စောင့်ကြည့်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသည့်နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး အီလက်ထရောနစ်၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ရေနံဓာတုတို့သည် အမေရိကန်အခွန်အသစ်အောက်တွင် ဆုံးရှုံးမှုအမြင့်ဆုံးကြုံတွေ့ရနိုင်ကြောင်း၊ အမေရိကန်ဈေးကွက်နှင့် ချိတ်ဆက်မှုခိုင်မာသော တရုတ်ကဲ့သို့သော ကုန်သွယ်ရေးမိတ်ဖက်များထံမှလည်း သွယ်ဝိုက်သော သက်ရောက်မှုရှိနိုင်ကြောင်း၊ တရုတ်ကုန်စည်များ ထိုင်းနိုင်ငံအတွင်းသို့ အများအပြားဝင်ရောက်လာနိုင်ပြီး ကုန်သွယ်ရေးညှိနှိုင်းမှုများအရ ထိုင်းနိုင်ငံသို့ အမေရိကန်ပို့ကုန်မြင့်တက်လာနိုင်ကြောင်း ထိုင်းစက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Tawee Piyawatana က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အဓိကဖြစ်သော ခရီးသွားလုပ်ငန်းသည်လည်း ယခုနှစ်တွင် တရုတ်ခရီးသွားဝင်ရောက်မှုကျဆင်းနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တရုတ်စီးပွားရေးကျဆင်းနေမှုနှင့် အမေရိကန်အခွန်ကြောင့် ကုန်သွယ်ရေးတင်းမာမှုအရှိန်မြင့်တက်လာနိုင်မှုတို့ကြောင့်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဘဏ်သုံးစွဲသူများအတွက် အိမ်ရာပြင်ဆင်ခြင်းနှင့် ချေးငွေပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထပ်ဆောင်းချေးငွေသတ်မှတ်ချက်များအပါအဝင် အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် Mr. Kobsak Duangdee က ပြောကြားခဲ့ပါသည်။

သဘာဝဘေးအန္တရာယ်များသည် နိုင်ငံ၏ကြိုတင်ပြင်ဆင်နိုင်စွမ်းနှင့် အကျအဆုံးစီမံခန့်ခွဲမှုကို ပိုမိုခိုင်မာလာစေသည့် အခွင့်အလမ်းဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုမှသည် ပြည့်စုံပြီး နောက်ဆုံးအချက်အလက်များကို ရရှိစေမည်ဖြစ်ကြောင်း၊ ငလျင်ပြီးနောက် အဆောက်အဦများ၏ စိတ်ချလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုများနှင့် တည်ဆောက်ပုံများကို စစ်ဆေးသွားမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ဖော်ပြသခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့်ခရီးသွားများအကြား ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း Joint Standing Committee on Commerce, Industry and Banking(JSCCIB)က သုံးသပ်ထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News