ထိုင်းနိုင်ငံသည် ယခုနှစ် ဒုတိယ ၃ လပတ်အတွင်းတွင် Geographical Indication (GI) ထုတ်ကုန် (၃) မျိုးကို ဂျပန်နိုင်ငံတွင် ထပ်မံဖြည့်စွက်၍ မှတ်ပုံတင်သွားရန်စီစဉ်လျက်ရှိကြောင်း မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Nusara Kanjanakul က ပြောကြားချက်အရ သိရှိရပါသည်။
Geographical Indication (GI) ထုတ်ကုန်အဖြစ် ထပ်မံဖြည့်စွက်မှတ်ပုံတင်မည့် ထုတ်ကုန် (၃) မျိုးမှာ Hom Thong Bua Daeng ငှက်ပျော၊ Nam Dok Mai Si Thong Phitsanulok သရက်နှင့် Phetchabun မန်ကျည်းအချိုတို့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ယခင်က Doi Tung ကော်ဖီ၊ Doi Chaang ကော်ဖီနှင့် Huaymon နာနတ်သီးတို့ကို ဂျပန်နိုင်ငံတွင် GI ထုတ်ကုန်အဖြစ် မှတ်ပုံတင်ထားပြီးဖြစ် ကြောင်း၊ ယင်းသို့ဆောင်ရွက်မှုသည် လူထုအခြေပြုစီးပွားရေးတိုးတက်မှုကို GI ထုတ်ကုန်များမှတစ်ဆင့် မြှင့်တင်ပေးရန်ဖြစ်ပြီး Soft Power အတွက်လည်း အရေးပါသောအချက်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများ၊ ပထဝီဝင်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုနှင့် ရိုးရာဆိုင်ရာ ဗဟုသုတများကို တွေ့ထိခြင်းဖြင့် အဆိုပါထုတ်ကုန်များ၏တန်ဖိုးကို သိသိသာသာမြှင့်တင်ပေးပါကြောင်း Ms. Nusara က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာတွင် GI ထုတ်ကုန်(၉)မျိုးကို မှတ်ပုံတင်ထားပြီးဖြစ် ကြောင်း၊ ယင်းတို့မှာ Thung Kula Rong Hai hom mali ဆန်၊ Sangyod Muang Phatthalung ဆန်၊ Doi Tung ကော်ဖီ၊ Doi Chaang ကော်ဖီ၊ Isan ပိုးချည်၊ Lamphun ဘရိုကိတ်ပိုး၊ Phetchabun မန်ကျည်းအချို၊ Lamphun ရွှေရောင်လေချူသီးနှင့် ဥထရာဒစ်မှ Huaymon နာနတ်သီးတို့ဖြစ်ကြောင်း၊ ယင်းထုတ်ကုန်များကို ဥရောပသမဂ္ဂနိုင်ငံများ၊ ဂျပန်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ကမ္ဘောဒီးယားအပါအဝင် နိုင်ငံ(၃၃)နိုင်ငံကျော်တွင် မှတ်ပုံတင်ထားပြီးဖြစ် ကြောင်း၊ ထိုင်းနိုင်ငံတွင် GI မှတ်ပုံတင်ထားမှု ၂၂၇ ခုမှ နှစ်စဉ် ဘတ် ၇၇ ဘီလီယံရရှိပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် GI ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပသို့ ထိုးဖောက်နိုင်ရန် စတိုးဆိုင်များနှင့် Shopee၊ Lazada နှင့် Born Thailand စသည့်အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်ကြောင်း၊ မေလတွင် ကျင်းပမည့် ThaiFex-Anuga Asia 2025 နှင့် ဇူလိုင်လတွင် ကျင်းပမည့် Thailand Coffee Fest 2025 တို့တွင် GI Pavilion ထားရှိ၍ ထုတ်ကုန်များကို ပြသခြင်းဖြင့် မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
တန်ဖိုးမြှင့်တင်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ပိုးမှုဒီဇိုင်းကိုလည်း ဦးစားပေးသွားမည်ဖြစ်ကြောင်း၊ GI ထုတ်ကုန်များသည် Michelin လက်မှတ်ရစားသောက်ဆိုင်များနှင့် အဆင့်မြင့်မီနူးများတွင် ထင်ရှားပါကြောင်း၊ GI ထုတ်ကုန်ထွက်ရှိသည့် ဒေသများကို ခရီးသွားဆွဲဆောင်မှုအဖြစ် အသွင်ပြောင်းရန် စီစဉ်ထားပါကြောင်း၊ ယခုနှစ်တွင် ပြည်နယ် ၁၈ ခုမှ GI ထုတ်ကုန်အသစ် ၂၂ မျိုးကို မှတ်ပုံတင်ရန်စီစဉ်ထားပြီး အပင်အခြေခံထုတ်ကုန် ၁၄ မျိုး၊ ငါးထုတ်ကုန် ၃ မျိုး၊ အစားအစာထုတ်ကုန် ၂ မျိုးနှင့် အထည်နှင့် လက်မှုပစ္စည်း ၂ မျိုးနှင့် ဝိုင်/ယမကာ ထုတ်ကုန် ၁ မျိုးဖြစ်ကြောင်း၊ ယင်းမှ ဘတ် ၅.၈ ဘီလီယံရရှိရန် ခန့်မှန်းထားပြီး ထုတ်လုပ်သူ ၁၅,၀၀၀ က GI ထုတ်ကုန် ၁၈၄ မျိုးကို ထိုင်း GI တံဆိပ် လျှောက်ထားလာပါကြောင်း၊ ဦးစီးဌာနသည် GI ထုတ်ကုန်များအတွက် အထူးဒီဇိုင်းရေးဆွဲထားသည့် ဒီဂျစ်တယ်နောက်ကြောင်းလိုက်နိုင်သော Smarttrace စနစ်ကို မိတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)