International News

ထိုင်းနိုင်ငံ၊ အစိုးရသည် ဆန်ပို့ကုန်လိုင်စင်ကြေး လျှော့ချပေးခဲ့

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် ဆန်တင်ပို့သည့်ကဏ္ဍတွင် လက်ဝါးကြီးအုပ်မှုကို အဆုံး သတ်ရန်ကြိုးပမ်းလိုသောကြောင့် လယ်သမားများ၏ အသေးစား၊ အလတ်စားလုပ်ငန်းများ ကမ္ဘာ့ဈေးကွက်သို့ ဆန်ရောင်းချနိုင်စေရန် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ကြောင်း သိရှိရပါသည်။

လက်ဝါးကြီးအုပ်မှုပုံစံအားလုံးသည်  ပြည်သူအတွက် ကုန်ကျစရိတ်များတိုးမြင့်စေကြောင်း၊ အစိုးရအနေဖြင့် လက်ဝါးကြီးအုပ်မှုများကို ဖြိုခွင်းသည့်လုပ်ငန်းစဉ်ကို အထူးသဖြင့် ဆန်စပါးလုပ်ငန်းကဏ္ဍတွင် အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး လယ်သမားများနှင့် SME လုပ်ငန်းများ ကမ္ဘာအနှံ့ဆန်တင်ပို့နိုင်စေရန် ရည်ရွယ်ကြောင်း၊ အစိုးရအဖွဲ့က ဆန်ကုန်သွယ်မှုလိုင်စင်ကြေးနှင့်စပ်လျဉ်းသည့် လုပ်ထုံး လုပ်နည်းအပေါ် ခွင့်ပြုခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတကာဈေးကွက်အတွက် ရည်ရွယ်သော ဆန်ကုန်သည်များသည် ဆန်တင်ပို့ရန် ပို့ကုန်ပါမစ်အတွက် ပေးဆောင်ရန်လိုအပ်သည့်ပမာဏ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ယခင်က ကျင့်သုံးခဲ့သည့်မူဝါဒမှာ ပြည်ပသို့ တင်ပို့သူများအားလုံးသည် မှတ်ပုံတင်ထားသော မည်သည့်အရင်းအနှီးမှမလိုအပ်ဘဲ ဘတ် ၅ သောင်းအထိပေးသွင်းပြီး ပါမစ်ရယူကြရကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Houngsubက ပြောကြားခဲ့သည်။

ယခုစည်းမျဉ်းအသစ်များအရ မှတ်ပုံတင်ထားသော အရင်းအနှီးဘတ် ၅ သန်းမှ ၁၀ သန်းအထိရှိသည့် အသေးစားဆန်တင်ပို့သူများသည် ဆန်တင်ပို့ရန် ပို့ကုန်လိုင်စင်ကြေးဘတ် ၁ သောင်း၊အလယ်အလတ်အရွယ်အစားဖြစ်သည့် မှတ်ပုံတင်ထားသည့် အရင်းအနှီးဘတ် ၂၀ သန်းမှ သန်း ၂၀ အထိရှိသည့် ဆန်တင်ပို့သူများသည် ပို့ကုန်လိုင်စင်ကြေးဘတ် ၃ သောင်းနှင့် မှတ်ပုံတင်ထားသော အရင်းအနှီးဘတ် သန်း ၂၀ ကျော်သည့် အကြီးစားဆန်တင်ပို့သူများသည် ပို့ကုန်လိုင်စင်ကြေး ၅ သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဆန်ကို ထုပ်ပိုးပြီးတင်ပို့သူများသည် ပို့ကုန်လိုင်စင်ကြေး ဘတ်တစ်သောင်း၊ အစိုးရဌာနများနှင့်အတူ မှတ်ပုံတင်ထားသော ဆန်တင်ပို့သူ များသည် လိုင်စင်ကြေးနှင့် လိုင်စင်သက်တမ်းတိုးကြေး ကင်းလွတ်ခွင့်ရရှိမည်ဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းဖြင့် ထိုင်းဆန်တောင်သူများသည် တင်ပို့ရန်ကုမ္ပဏီကြီးများကို မှီခိုရန်မလိုအပ်တော့သဖြင့် လွတ်လပ်သောကမ္ဘာကြီးတွင် ထိထိရောက်ရောက်ဖြင့် လွတ်လပ်စွာကုန်သွယ်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရသည်လည်း တောင်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် ရေရှည်စီးပွားရေးတည်ငြိမ်စေရေး ဆောင်ရွက်ပေးရန် ကတိပြုထားပါကြောင်း၊ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုများသည် ထိုင်းဆန်ပို့ကုန်ကဏ္ဍကိုပြောင်းလဲမှုဖြစ်စေပြီး လက်ဝါးကြီး အုပ်မှု၏ ဆက်စပ်ပြဿနာများကို အဆုံးသတ်စေရုံသာမက ကမ္ဘာ့ဈေးကွက်တွင်ယှဉ်ပြိုင်မည့် တောင်သူများနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း မြှင့်တင်ပေးရာရောက်ကြောင်း Mr. Jirayu က သုံးသပ်ထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News