ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကို ဆွဲဆောင်နိုင်ရန်အတွက် အခွန်မက်လုံးများ၊ မြေနေရာချထားပေးမှုများနှင့် အခြေခံအဆောက်အအုံတိုးချဲ့မှုများကို ပေါင်းစပ်အသုံးပြုကာ ဟောင်ကောင်ဒေသကို ရွှေနှင့်ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ဒေသတွင်းဗဟိုချက်တစ်ခုအဖြစ်ပြောင်းလဲရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်နေကြောင်း သတင်း ဆောင်းပါးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် https://www. chinadailyasia.com ၏အွန်လိုင်းသတင်း၌ “HK plans tax cuts and logistics boost to anchor global commodity hub” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးဗျူရို(Transport and Logistics Bureau)သည် သတ်မှတ်ချက်ပြည့်မီသောကုန်စည်ကုန်သည် များကို အခွန် ၅၀ ရာခိုင်နှုန်းသက်သာခွင့်ပေးမည့် ပြင်ဆင်ချက်ဥပဒေ ကြမ်းကို ယခုလနှောင်းပိုင်းတွင် တင်သွင်းသွားမည်ဖြစ်ပြီး အဆိုပါဗျူရို၏ ဒုတိယအတွင်းရေးမှူးက ကြာသပတေးနေ့က ပြုလုပ်ခဲ့သောဥပဒေပြုကောင်စီအစည်းအဝေးတွင် ပြောကြားရာ၌ အဆိုပါမက်လုံးပေးမှုသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအား ဟောင်ကောင်တွင် လာရောက်တည်ထောင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်းတို့ကိုတွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်ဟောင်ကောင်မြို့၏ ရေကြောင်းဝန်ဆောင်မှုကဏ္ဍကြီးထွားလာမှုကို အထောက်အကူပြုစေမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ကုန်စည်ကူးသန်းမှုဂေဟစနစ်(ecosystem) ကြီးထွားလာသည်နှင့်အမျှ သိုလှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေးမြေနေရာလိုအပ်ချက်လည်း မြင့်တက်လာလိမ့်မည်ဟုမျှော်လင့်ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီးဟောင်ကောင်ဒေသအစိုးရသည် ခေတ်မီထောက်ပံ့ပို့ဆောင်ရေးဇုန် (modern logistics cluster)တစ်ခုတည်ဆောက်ရန် မြောက်ပိုင်းမြို့ပြစီမံကိန်း(Northern Metropolis)အတွင်းရှိ Hung Shui Kiu နှင့် Ha Tsuen ဖွံ့ဖြိုးတိုးတက်ရေးနယ်မြေအသစ်တွင် မြေ ၃၂ ဟက်တာကို လျာထားသတ်မှတ်ပေးထားကြောင်း ဖော်ပြထားပါသည်။
ဘဏ္ဍာရေးဝန်ဆောင်မှုနှင့်ငွေတိုက်ဝန်ကြီး ခရစ္စတိုဖာ ဟွီချင်းယု (Christopher Hui Ching-yu)၏ပြောကြားချက်အရ ဟောင်ကောင်သည် ၎င်း၏ကုန်စည်ဂေဟစနစ်ကိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရွှေကိုအစပြုမှတ်အဖြစ်အသုံးချနေခြင်းဖြစ်ကြောင်း၊ ဒေသတွင်းရွှေအရန်သိုလှောင်မှုဗဟိုချက်အဖြစ်ရပ်တည်နိုင်ရန် ဟောင်ကောင်မြို့သည် သုံးနှစ်အတွင်း ၎င်း၏သိုလှောင်မှုပမာဏကို မက်ထရစ်တန် ၂,၀၀၀ ကျော်အထိတိုးမြှင့်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း၊ ထို့ပြင် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသောရွှေအတွက် ဗဟိုရှင်းလင်းရေးစနစ်(central clearing system)သည် နောက်ဆုံးပြင်ဆင်မှုအဆင့်သို့ရောက်ရှိနေပြီး ယခုနှစ်အတွင်း စမ်းသပ်လည်ပတ်ရန်လျာထားကြောင်း ဖော်ပြထားပါ သည်။
ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ရွှေကုန်သွယ်မှုနှင့်ငွေပေးချေမှုများဆောင်ရွက်သည့် အရည်အချင်းပြည့်မီသော အဖွဲ့အစည်းများကို ဟောင်ကောင်မြို့တွင် အခြေစိုက်ရန် သို့မဟုတ် လုပ်ငန်းတိုးချဲ့ရန် ဆွဲဆောင်နိုင်ရေးအတွက် အခွန်မက်လုံးများပေးအပ်ရန်လည်း စဉ်းစားသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အဖိုးတန်သတ္တုဈေးကွက်အပြင် သံမဟုတ်သော သတ္တုများ(non-ferrous metals)ကို အဓိကသုံးစွဲသူနှင့် ထုတ်လုပ်သူလည်းဖြစ်ပြီး ကမ္ဘာ့သတ္တုထောက်ပံ့ရေးကွင်းဆက်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသသည် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် လန်ဒန်သတ္တုဖလှယ်ရေးအဖွဲ့(London Metal Exchange - LME)၏ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ရုံကွန်ရက်သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း စုစုပေါင်းသိုလှောင်မှုဧရိယာစတုရန်းမီတာ ၄၂,၀၀၀ ကျော်ကို စတင်လည်ပတ်နိုင်ခဲ့ပြီး ၎င်းသည် ၂၀၂၅ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၁.၅ ဆကျော်တိုးတက်လာခြင်းဖြစ်ကြောင်းနှင့်ဟောင်ကောင်သည် ရေရှည်တွင ကုန်စည်ရောင်းဝယ်မှုများကို တရုတ်ယွမ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ ငွေပေးချေခြင်းတို့ကို ပိုမိုဆောင်ရွက်နိုင်ရန် အရည်အချင်းပိုမိုပြည့်မီလာမည်ဖြစ်ကြောင်း ဝန်ကြီးကဖြည့်စွက်ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
Source: https://www.chinadailyasia.com/hk/article/634872
(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)