International News

AFTA အောက်တွင် မြန်မာ့ပြောင်းတင်သွင်းခွင့်ကာလကို ထိုင်းအစိုးရ အရေးပေါ်သက်တမ်းတိုးမြှင့်ပေးရန် ဆုံးဖြတ်

Last Updated:

ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ပြည်တွင်းတိရစ္ဆာန်အစာစက်ရုံများ၏ ကုန်ကြမ်းပြတ်လတ်မှုအခက်အခဲကိုဖြေရှင်းရန်အတွက် အာဆီယံလွတ်လပ်သော ကုန်ကျော်မှုဒေသ(AFTA)အစီအစဉ်အောက်မှ ပြောင်းတင်သွင်းခွင့်ကာလကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ပေးရန် အတည်ပြုဆုံးဖြတ်လိုက်သည်။

အဆိုပါဆုံးဖြတ်ချက်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃ မိနစ်တွင် ထိုင်နိုင်ငံအစိုးရအိမ်တော်(Government House)၊ အဆောက်အအုံ ၁ ရှိ အစည်းအဝေးခန်းမ ၅၀၁ ၌ ကျင်းပပြုလုပ်ခဲ့သော ထိုင်းအစိုးရအဖွဲ့(Cabinet)အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ် သည်။ အဆိုပါအစည်းအဝေးကို ဒုတိယဝန်ကြီးချုပ် နာယီပိဖတ်ရာချာကစ်ပရာကန်(Mr. Phiphat Ratchakitprakarn)က သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုအတည်ပြုချက်အရ အထွေထွေသွင်းကုန်လုပ်ငန်းရှင်များအတွက် AFTA မူဘောင်အောက်တွင် တိရစ္ဆာန်အစာသုံးပြောင်းဖူးတင်သွင်းခွင့်ကာလအား မူလက သတ်မှတ်ထားသော ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိအစား ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ နှစ်လထပ်မံတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းသည် ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့သည့်"ပြောင်းဖူးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီ"၏ အစည်း အဝေးအမှတ်စဉ် ၁/၂၅၆၉ ဆုံးဖြတ်ချက်အဆိုပြုချက်ကို အစိုးရအဖွဲ့က ဆက်လက်အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ နယ်စပ်ဖြတ်ကျော်မြူမှုန်ပြဿနာ(PM_2.5)ကိုဖြေရှင်းရန်အတွက် "တောမီးရှို့စိုက်ပျိုးခြင်းလုပ်ငန်းစဉ်များနှင့် ဆက်စပ်မှုမရှိသော ပြောင်းဖူးများကိုသာတင်သွင်းရမည်"ဟူသည့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒအသစ်ကို တင်းကျပ်စွာစတင်ကျင့်သုံးခဲ့သည်။ ယင်းသို့စည်းကမ်းချက်များတင်းကျပ်လိုက်ခြင်းကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများမှ ပြောင်းဖူးတင်သွင်းမှုပမာဏသည် သိသိသာသာကျဆင်းသွားခဲ့ပြီး ထိုင်းပြည်တွင်း၌ ကုန်ကြမ်းမလုံလောက်မှု ပြတ်လတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် လက်ရှိရာသီဥတုအခြေအနေများအရ ထိုင်းပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ပြောင်းဖူးများသည် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်းမှသာ စျေးကွက်ထဲသို့ အများအပြား(စုစုပေါင်းထွက်ရှိမှု၏ ၈၀.၆၉ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၄.၀၄ သန်းခန့်)စတင်ဝင်ရောက်မည်ဖြစ်ရာ ကြားကာလဖြစ်သော ဇူလိုင်နှင့် ဩဂုတ်လများတွင် လိုအပ် ချက်ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

ဤကဲ့သို့ကုန်ကြမ်းလိုအပ်ချက်ရှိနေသည့်အတွက် မြန်မာသံရုံး၊ ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံခြားကုန်သွယ်မှုမြှင့်တင်ရေးရုံးနှင့် ထိုင်းနိုင်ငံတိရစ္ဆာန်အစာထုတ်လုပ်သူများအသင်းတို့က လက်ရှိအခြေအနေနှင့်ကိုက်ညီမှုရှိစေရန် တင်သွင်းခွင့်ကာလအား ဩဂုတ်လအထိ တိုးမြှင့်ပေးရန်(ထိုင်းအစိုးရ)ထံ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယခုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် သက်ဆိုင်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနတို့က ကုန်သွယ်မှုများအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သောလုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Royal Thai Government(18-6-2026)

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News