International News

(၇) ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(7th Edition of the Bengal Global Business Summit ) ဖွင့်ပွဲအခမ်းအနားကျင်းပ

Last Updated:

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အစိုးရ၊ အနောက်ဘင်္ဂလားပြည်နယ် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း(West Bengal Industrial Development Corporation-WBIDC)နှင့် အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(The Federation of Indian Chambers of Commerce & Industry-FICCI)တို့ပူးပေါင်းစီစဉ်ကျင်းပသည့် (၇)ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲ(7th Edition of the Bengal Global Business Summit)၏ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၁ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီက ကော်လ်ကတ္တားမြို့၊ Biswa Bangla Convention Centre (BBCC)၊ ၄ လွှာရှိ အဓိကခန်းမဆောင်(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးသံမှူးပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee နှင့်အတူ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာ၌ အနောက်ဘင်္ဂလားပြည်နယ်၏ ထောက်ပံ့ပို့ဆောင်ရေးမူဝါဒ၊ အင်တာနက်ချိတ်ဆက်ရေးစခန်းများမူဝါဒ၊ ပို့ကုန်တင်ပို့မှုမူဝါဒ၊ စိမ်းလန်းသော ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ဆိုင်ရာမူဝါဒနှင့် ပြည်နယ်၏ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုမြှင့်တင်ရေးမူဝါဒများကို ထုတ်ဖေါ်ပြောကြား၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် အခွင့်အလမ်းနှင့် နယ်ပယ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့အပြင် အိန္ဒိယနိုင်ငံမှ Reliance၊ ITC၊ Ambuja Neotia နှင့် Hiranandani Group စသည့် စီးပွားရေးလုပ်ငန်းကြီးများမှ လုပ်ငန်းရှင်များပါဝင်တက်ရောက်ကြပြီး၊ Reliance လုပ်ငန်းစု၏ဥက္ကဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Mukesh Ambani က ၎င်းတို့လုပ်ငန်းစုအနေဖြင့် လာမည့် ၃ နှစ်တာကာလအတွင်း ပြည်နယ်၏ဒီဂျစ်တယ်နည်းပညာ၊ လက်လီလုပ်ငန်းနှင့် ဇီဝစွမ်းအင် စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၂၀၀ ဘီလီယံမျှ ရင်းနှီးမြှုပ်နှံသွားရန်ရည်မှန်းထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို (၂)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ အနောက် ဘင်္ဂလားပြည်နယ်၏ရှေ့အနာဂတ်အလားအလာများကို ပြသရန်နှင့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို ဖိတ်ခေါ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ ထို့အပြင်ပြည်နယ်၏ စက်မှုလက်မှုလုပ်ငန်းဂေဟစနစ်နှင့် စီးပွားရေးလုပ်ကိုင်ရန်ဖန်တီးထားသည့် ရင်းနှီးသောပတ်ဝန်းကျင်ကောင်းအခြေအနေတို့ကိုလည်း လေ့လာနိုင်မည့်အခွင့်အလမ်း များရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန်ပြည်ထောင်စု၊ ယူကေနိုင်ငံ၊ ဂျပန်၊ ပိုလန်၊ ပြင်သစ်၊ ဩစတေးလျ၊ ဂျာမနီ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဖီဂျီစသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံမှ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက်သွားမည်ဟု သိရပါသည်။

အဆိုပါစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲတွင် MSME ၊ အထည်အလိပ်၊ အင်ဂျီနီယာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြအခြေခံအဆောက်အဦးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများကို အဓိကထား၍ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ယမန်နှစ်ကကျင်းပပြုလုပ်ခဲ့သော (၆) ကြိမ်မြောက် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၃ ဒသမ ၄ ထရီလီယံရှိသော နားလည်မှုစာချွှန်လွှာ MoU ၊ Letters of Intent (LoI)နှင့် စိတ်ဝင်စားမှုအဆိုပြုလွှာ(Expressions of Interest-EoI)ပေါင်း (၁၃၇)ခုကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News