International News

စားအုန်းဆီကဏ္ဍတွင် တရုတ်နှင့် မလေးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

Last Updated:

တရုတ်နှင့် မလေးရှား နှစ်နိုင်ငံမှ စားအုန်းဆီလုပ်ငန်းတွင် အဓိကပါဝင်ပတ်သက်သူများ၏ မျက်နှာစုံညီအစည်းအဝေးကို မလေးရှားဒုတိယ၀န်ကြီးချုပ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ၁၄-၁၁-၂၀၂၃ ရက် (အင်္ဂါနေ့)တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါအစည်းအဝေးသို့ မလေးရှားနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် စိုက်ခင်းများနှင့် အဓိကကုန်စည်များဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်သူ Mr. Fadillah Yusof နှင့် မလေးရှား စားအုန်းဆီ လုပ်ငန်းမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံဘက်မှ စီးပွားရေးကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး နှစ်နိုင်ငံကြား ဆီအုန်းကဏ္ဍ ကုန်သွယ်ရေး တိုးမြှင့်ရေးအပါအဝင် စီးပွားရေးကဏ္ဍ မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း မလေးရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ ထိပ်တန်းအာဆီယံ ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ယင်းသို့နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး၏ အပြန်အလှန်အကျိုးသက်ရောက်မှုများရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံမှ စားအုန်းဆီနှင့်ဆက်စပ်ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလီယံရှိရာ မလေးရှားနိုင်ငံ၏ ကမ္ဘာ့ဒေသအနှံ့ စုစုပေါင်း စားအုန်းဆီတင်ပို့မှု၏ ၁၁.၄% ကို တင်ပို့ခဲ့ကြောင်း၊ စားအုန်းဆီနှင့် ဆက်စပ်ပစ္စည်းများ အထူးသဖြင့် Oleochemical နှင့် တိရစ္ဆာန်အစာများကို တရုတ်နိုင်ငံမှ ဝယ်လိုအားပိုမိုအားကောင်းလာသဖြင့် ယခုနှစ်တွင် ပို့ကုန်များ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း Mr. Fadillah က ပြောကြားခဲ့ပါသည်။

တရုတ်ပြည်သူများသည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို ပိုအာရုံစိုက်လာသဖြင့် တရုတ်ဈေးကွက်သည် ပိုမိုခေတ်မီလာကြောင်း၊ ထိုသို့ ဈေးကွက်အခြေအနေ ပြောင်းလဲလာမှုနှင့် စပ်လျဉ်း၍ မလေးရှား စားအုန်းဆီတွင် အားသာချက်များရှိပြီးဖြစ်ကြောင်း၊ တရုတ်ဈေးကွက်သို့ တန်ဖိုးမြင့် ထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ရန် မလေးရှားစားအုန်းဆီလုပ်ငန်းနှင့် ပတ်သက်သည့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားကောင်းအောင် လုပ်ဆောင်နေကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်သည် မလေးရှားနိုင်ငံအတွက် ကမ္ဘာ့အရှေ့ဒေသမှ အနောက်ဒေသ ဆက်သွယ်ရေး  ပိုမိုကောင်းမွန်ရှိစေပြီး မလေးရှား စားအုန်းဆီထုတ်ကုန်များအား နေရာဒေသတိုင်းသို့ လွယ်ကူစွာ တင်ပို့ဆောင်ရွက်ခွင့်ရရှိ ကြောင်းဖြင့် မလေးရှားစားအုန်းဆီကြီးကြပ်မှုအဖွဲ့ (Malaysia Palm Oil Board - MPOB) မှ ဥက္ကဋ္ဌ Datuk Mohamed Helmy က ၁၄-၁၁-၂၀၂၃ ရက်နေ့တွင် Global Times သို့ ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ စားအုန်းဆီ အဓိကဝယ်ယူတင်သွင်းသည့် နိုင်ငံဖြစ်ပါသည်။ လက်ရှိကာလတွင် MPOB သည် တရုတ်နိုင်ငံ၏ ဟော့ပေါ့အနှစ် ထုတ်လုပ်ရာတွင် အသုံးပြုသည့် စားအုန်းဆီအနီကို တရုတ်ဈေးကွက်တွင် အရောင်းမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပမှုနှင့်အတူ မလေးရှားနိုင်ငံအနေဖြင့် စားအုန်းဆီ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် စားအုန်းဆီသန့်စင်သည့် စက်ရုံကိုလုပ်ကိုင်သော တရုတ်ကုမ္ပဏီဖြစ်သည့် Grand Oils and Fats (Dongguan) Co အား  မလေးရှားနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီ (MSPO) ထုတ်လုပ်မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ကိုပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီး ရောက်ရှိနေသည့် မလေးရှား ဒုတိယ၀န်ကြီးချုပ် Fadillah သည် ရှန်ဟိုင်းမြို့တော်ဝန် Gong Zheng နှင့် ၁၄-၁၁-၂၀၂၃ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ မလေးရှား၏ စားအုန်းဆီလုပ်ငန်း အဆင့်မြှင့်တင်ရန်အတွက် ရှန်ဟိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ တရုတ်ဈေးကွက်သို့ လတ်ဆတ်သော ဒူးရင်းသီး တိုးမြင့်တင်ပို့နိုင်ရေးနှင့် 5 G နှင့် AI အသုံးချပရိုဂရမ်များကို မြှင့်တင်ရေး ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဒုတိယဝန်ကြီးချုပ် Fadillah က ပြောကြားခဲ့ပါသည်။

မလေးရှား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရှန်ဟိုင်းနှင့်ပူးပေါင်း‌ဆောင်ရွက်မှု အားကောင်းလာခြင်းတို့က နှစ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမှု ပြယုဂ်တစ်ခုဖြစ်ကြောင်းနှင့် သစ်လွင်သော စွမ်းအင်သုံးကားများ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဇီဝဆေးဝါးများနှင့် အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အဆိုပြုလိုကြောင်းဖြင့် ရှန်ဟိုင်းမြို့တော်ဝန် Gong က ပြောကြားခဲ့ပါသည်။

Source: Global Times, 15 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News