International News

ပြည်တွင်း၌သစ်သီးစားသုံးမှုကို မြှင့်တင်ရန်နှင့် ဈေးနှုန်းကို အထောက်အကူပြုရန်ရည်ရွယ်၍ သစ်သီးပွဲတော်ကို ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက ကြီးမှူးကျင်းပခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ အရည်အသွေးမီဒူးရင်းသီးများကိုဖြန့်ချိရန်၊ ပြည်တွင်းစားသုံးမှုမြှင့်တင်ရန်နှင့် သစ်သီးဈေးနှုန်းကို အထောက်အကူပြုရန်ရည်ရွယ်၍ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနနှင့် ထိုင်းလတ်ဆတ်သစ်သီးဈေးကွက်အသင်းတို့ ပူးပေါင်း၍ “Thai Fruit Festival 2025 by DIT” ကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဦးစီးဌာနသည် သစ်သီးပွဲတော်ကို စမုပရာကန်ရှိ Yes Bang Phil ဈေးနှင့်ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံအရှေ့ပိုင်းရှိ သစ်သီးခူးဆွတ်ရာသီအမြင့်ဆုံးအချိန်တွင် သစ်သီးဈေးနှုန်းသည် တည်ငြိမ်နေကြောင်း၊ ဈေးနှုန်းကို ထိန်းထားရန် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်မြှင့်တင်နေချိန်တွင် မိမိတို့ဦးစီးဌာနအနေဖြင့်လည်း ပြည်တွင်းစားသုံးမှုကို တွန်းအားပေးဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ နိုင်ငံအရှေ့ပိုင်းရှိ ဒူးရင်းသီး ၉၆ ရာခိုင်နှုန်း(၈၄၀,၀၀၀ တန်)ကို ခူးဆွတ် ထားပြီးဖြစ်ရာ ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းသည် ပို့ကုန်အတွက်ဖြစ်ပြီး ကျန်ပမာဏကို ပြည်တွင်းစားသုံးရန်အတွက်ဖြစ်ကြောင်း၊မင်းဂွတ်သီးစုစုပေါင်းထွက်ရှိမှု ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း(၂၁၀,၀၀၀ တန်)ကိုခူးဆွဲခဲ့ပြီး ၉၅ ရာခိုင်နှုန်းခန့် သည် ပို့ကုန်အတွက်ဖြစ်ကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Goranij Nonejuie က ပြောကြားခဲ့သည်။

ပွဲတော်ကာလအတွင်း အရည်အသွေးမြင့်ဒူးရင်းသီးများကို ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ “Golden minute” အချိန်တွင် တစ်လုံးလျှင် ၉၉ ဘတ်ဖြင့်လည်းကောင်း၊ ၁ ကီလိုဂရမ်လျှင် ၉၉ ဘတ်၊ ၁၃၉ ဘတ်နှင့် ၁၉၉ ဘတ် စသဖြင့်လည်းကောင်း ပြည်သူလူထုအကြိုက် ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ အဆိုပါလှုပ်ရှားမှုမှသစ်သီးများကို နေ့စဉ်တန်ချိန် ၅၀ ကျော်ဖြန့်ချိသွားရန် ရည်မှန်း ထားကြောင်း၊ ပွဲတော်ကျင်းပပေးခြင်းကြောင့် စိုက်ပျိုးဧရိယာမှ သစ်သီးများကို ရရှိရုံသာမက သစ်သီးဈေးနှုန်းတည်ငြိမ်မှုအပြင် စားသုံးသူများအနေဖြင့်လည်း အရည် အသွေးမီ ထိုင်းသစ်သီးများကို ဈေးနှုန်းသင့်တင့်မှုဖြင့် စားသုံးနိုင်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News