ရုရှားနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံသို့ ငါးနှင့် ပင်လယ်စာတင်ပို့မှုတွင် ပမာဏအားဖြင့် ၁၆% နှင့်တန်ဖိုးအားဖြင့် ၅၃% တိုးမြှင့်နိုင်ခဲ့ကြောင်း Fish Union ၏ထုတ်ပြန်ချက်အရ သိရသည်။ ထိုကာလအတွင်း ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ငါးနှင့် ပင်လယ်စာတင်ပို့မှုသည် စုစုပေါင်းတန်ချိန် ၆၇၂,၀၀၀ မက်ထရစ်တန်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၀၆ ဘီလီယံနီးပါးရရှိခဲ့သည်။ Fish Union ၏ခွဲခြမ်းစိတ်ဖြာရေးဌာနက တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန၏ အချက်အလက်များကိုအခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း ရုရှား၏ တရုတ်နိုင်ငံသို့ ငါးနှင့်ပင်လယ်စာတင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၆% နှင့် ဝင်ငွေအရ ၅၃% တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် အေးခဲထားသော Pollock ငါး(ခေါင်းနှင့် အတွင်းပိုင်းဖယ်ရှားထားသော ပုံစံ)တင်ပို့မှုမှာ ပမာဏအားဖြင့် ၂၅% နှင့် တန်ဖိုးအားဖြင့် ၇၀% တိုးတက်ခဲ့ပြီး၊ စုစုပေါင်းတန်ချိန် ၃၈၈,၀၀၀ ရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၃ သန်းရရှိခဲ့သည်။ အေးခဲ Pollock အသားလွှာ(fillet)တင်ပို့မှုမှာလည်း ပမာဏအား ဖြင့် ၂၅% နှင့်တန်ဖိုးအားဖြင့် ၅၅% တိုးတက်ကာ တန်ချိန် ၄,၀၀၀ နှင့်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ သန်းရှိခဲ့သည်။ ထို့အပြင် အေးခဲ Cod ငါး(ခေါင်းနှင့် အတွင်းပိုင်းဖယ်ရှားထားသော ပုံစံ)တင်ပို့မှုသည် ပမာဏအားဖြင့် ၃၅% တိုးလာပြီး တန်ဖိုးအားဖြင့် နှစ်ဆတိုးတက်ခဲ့ကာ တန်ချိန် ၃၉,၀၀၀ နှင့်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁၄ သန်းရှိခဲ့သည်။
ထိုကာလအတွင်း ရုရှားနိုင်ငံ၏ အသက်ရှင်နေသော ကဏန်း(Live crab)တင်ပို့မှုလည်း တိုးတက်ခဲ့ပြီး ပမာဏအားဖြင့် ၁၀% နှင့် တန်ဖိုးအားဖြင့် ၂၅% တိုးလာကာ တန်ချိန် ၁၇,၀၀၀ နှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၅၂၇ သန်းရရှိခဲ့သည်။ တစ်ဖက်တွင်လည်း ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံမှ ရုရှားနိုင်ငံသို့ ငါးနှင့် ပင်လယ်စာတင်သွင်းမှုမှာ ပမာဏအားဖြင့် ၇% နှင့် တန်ဖိုးအားဖြင့် ၁၁% တိုးတက်ခဲ့ပြီး၊ စုစုပေါင်းတန်ချိန် ၄၃,၀၀၀ နှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇၁ သန်းရှိခဲ့သည်။
တရုတ်နိုင်ငံမှ ရုရှားနိုင်ငံသို့ တင်သွင်းသည့် ထုတ်ကုန်များအနက် အေးခဲ Pacific Mackerel ငါးတင်သွင်းမှုသည် ပမာဏအားဖြင့် ၅% နှင့်တန်ဖိုးအားဖြင့် ၆၅% တိုးလာပြီး တန်ချိန် ၁၁,၀၀၀ နှင့်တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄ သန်းရှိခဲ့သည်။ အေးခဲ Saury ငါးတင်သွင်းမှုမှာလည်း ပမာဏအားဖြင့် ၁၀% နှင့် တန်ဖိုးအားဖြင့် ၅၀% တိုးလာကာ တန်ချိန် ၇,၀၀၀ နှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆ သန်းရှိခဲ့သည်။ ထို့အပြင် အေးခဲ Trout ငါးတင်သွင်းမှုမှာ ပမာဏအားဖြင့် ၅% နှင့် တန်ဖိုးအားဖြင့် ၁၀% တိုးတက်ခဲ့ပြီး တန်ချိန် ၂,၀၀၀ နှင့်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ သန်းရှိခဲ့ကြောင်း သိရသည်။
Source : https://tass.com
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)