တရုတ်နိုင်ငံသည် ဆက်သွယ်ရေး(telecommunications)၊ အင်တာနက်နှင့် ယဉ်ကျေးမှုစသည့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာကဏ္ဍများ(digital trade-related sectors)ကို နယ်ပယ်အလိုက် ပိုမိုကျယ်ပြန့်စွာဖွင့်လှစ်သွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sheng Qiuping က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်ကဏ္ဍတွင် နှီးမြှုပ်နှံမှုများတိုးမြှင့်လာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ်မှုများ အဆင်ပြေချောမွေ့စေရေးမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများချမှတ်ရေးဆွဲမှုကို အရှိန်မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေတာများနယ်စပ်ဖြတ်ကျော်စီးဆင်းမှု(cross-border flow of data)ကို စနစ်တကျဖြစ်စေရန် မြှင့်တင်ပေးသွားမည်ဖြစ်သည်။ အဆိုပါစံချိန်စံညွှန်းများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ဆောင်မှုဆိုင်ရာ နယ်စပ်ဖြတ်ကျော်ကုန်သွယ် ရေး(cross-border services trade)အတွက် ခွင့်မပြုသည့်စာရင်း(negative list) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ ဖွင့်လှစ်မှုအဆင့်ကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ ပလက်ဖောင်းများ(digital trade platforms) တည်ထောင်ရာတွင် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ စံပြဇုန်များ(demonstration zones)ထူထောင်သွားမည်ဖြစ်သည်။ ပိုမိုမြင့်မားသည့် ဖွင့်လှစ်မှုအဆင့်(higher-level opening up)၊ အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ(Institutional innovations)၊ ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်(sound business environment)နှင့် ပြင်ထန်းသောပြင်ပအကျိုးသက်ရောက်မှု(strong spillover effects)တို့ကို စွမ်းဆောင်ပေးနိုင်သည့် လုပ်ငန်းစုကြီးများ တည်ဆောက်သွားမည်ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုစွမ်းရည်မြင့်မားပြီး ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထိပ်တန်းဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို အားပေးမြှင့်တင်သွားမည်ဖြစ်ပြီး ၎င်းတို့၏ကမ္ဘာ့စျေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။ အလားတူ နိုင်ငံတကာအဆင့်မီ ထူးခြားသောယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၊ G20 နှင့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asia-Pacific Economic Cooperation-APEC)စသည့်မူဘောင်များအောက်တွင် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး အတွက် ဘက်စုံအုပ်ချုပ်ရေးစနစ်(multilateral governance system)ကို စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် ဆက်လက်အားထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0912/c90000-20365239.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)