International News

ကမ္ဘောဒီးယားနိုင်ငံ၏ ထိုင်းနိုင်ငံမှ ရွှေတင်သွင်းမှု မြင့်တက်လာခဲ့

Last Updated:

ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံ၏အဓိကပို့ကုန်ဈေးကွက်မဟုတ်သော်လည်း ထိုင်းနိုင်ငံ၏ရွှေများကို ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ခဲ့မှုသည် မကြာသေးမီနှစ်များနှင့် ၂၀၂၅ ခုနှစ်အတွင်း တဖြည်းဖြည်းမြင့်တက်လာလျက်ရှိသဖြင့် စောင့်ကြည့်လျက်ရှိကြောင်း  ရွှေကုန်သည်အသင်းက ပြောကြားချက်အရ သိရှိရပါသည်။

စင်ကာပူနှင့် ဟောင်ကောင်သည် ထိုင်းရွှေပို့ကုန်၏ အဓိကဈေးကွက်များဖြစ် ကြောင်း၊ ရွှေကို ဆွစ်ဇာလန်၊ ဩစတြေးလျနှင့် တောင်အာဖရိကတို့မှ တင်သွင်းပြီး ယင်းနိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များသည် စင်ကာပူ သို့မဟုတ် ဟောင်ကောင်တွင်ရုံးများရှိပါကြောင်း၊ ကမ္ဘောဒီးယားသည် လိုင်စင်ရတင်သွင်းသူများကို ရွှေသယ်ဆောင်ခွင့်ပေးပြီး ပမာဏ၏အစိတ်အပိုင်းကိုသာ ဗီယက်နမ်ကဲ့သို့သော ဝယ်လိုအားမြင့်မားသည့် နိုင်ငံများထံ တင်ပို့ခွင့်ပြုသောကြောင့် ကမ္ဘောဒီးယားသို့တင်ပို့မှုသည် နည်းနေသေးပါကြောင်း၊ ကမ္ဘောဒီးယားသို့ ရွှေပို့ကုန်သည် ထိုင်းနိုင်ငံ ၏အဓိကပို့ကုန်ဖြစ်သည့် သန့်စင်ပြီး ဆီပို့ကုန်နေရာတွင် အစားထိုးသည့်ပုံစံဖြင့်မြင့်တက်လာခဲ့ပါကြောင်း၊ ထို့ကြောင့် ကိန်းဂဏန်များ၏ ရင်းမြစ်နှင့် တိကျမှုကို ရှင်းလင်းရန်လိုအပ်ပြီး ကိန်းဂဏန်းများသည် အကောက်ခွန်ဦးစီးဌာနမှဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်မှ ရွှေတင်ပို့သည့်လမ်းကြောင်းကို မစစ်ဆေးပါကြောင်း အသင်းဥက္ကဋ္ဌ Mr. Jitti Tangsithpakdi က ပြောကြားခဲ့သည်။

ထိုင်းဘဏ်က ရွှေပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ ကမ္ဘောဒီးယားသို့ ရွှေတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၃ သန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆၂ သန်း နှင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံထိမြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ကမ္ဘောဒီးယားသို့ ရွှေတင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၂.၁၅ ဘီလီယံရှိခဲ့ရာ ထိုင်းရွှေ၏ ဒုတိယအကြီးဆုံးရွှေပို့ကုန်ဈေးကွက်ဖြစ်ခဲ့ပါကြောင်း၊ ပို့ကုန်သည် သိသိသာသာမြင့်တက်လာသည့်အပေါ် ပုံမှန်မဟုတ်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်သင့်ကြောင်း Hua Seng Heng Futures Co. ဒုတိယဥက္ကဋ္ဌ Ms. Siriluck Pakotiprapha က အကြံပြုထားပါသည်။

ယခုနှစ် ပထမ ၇ လအတွင်း ထိုင်းနိုင်ငံ၏ ရွှေတင်သွင်းမှုသည် ၁၈၇,၈၄၈ ကီလို ဂရမ်ရှိခဲ့ပြီး ၈၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အဓိကထောက်ပံ့သူများမှာ ဆွစ်ဇာလန်၊ ဟောင်ကောင်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တရုတ်နှင့် စင်ကာပူတို့ဖြစ်ကြောင်း၊ ပို့ကုန်အားဖြင့် ရွှေအကြမ်းထည် ၇၈,၀၇၅ ကီလိုဂရမ်တင်ပို့ခဲ့ပြီး ၃၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်း၊ အဓိကတင်ပို့သည့် နိုင်ငံများမှာ ဆွစ်ဇာလန်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဟောင်ကောင်နှင့် လာအိုတို့ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ ရွှေအကြမ်းထည်တင်ပို့ခဲ့မှုသည် ဘတ် ၁၀၆ ဘီလီယံရှိခဲ့ပြီး ၇၇၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ဘတ်ငွေတန်ဖိုးတက်နေခြင်းသည် ပြည်တွင်းရွှေဝယ်လိုအားမြင့်မားစေသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ရွှေသွင်းကုန်မြင့်တက်နေခြင်းသည် ဘတ်ငွေကို ခိုင်မာစေသည့် အဓိကအချက်မဟုတ်ဘဲ ဒေါ်လာတန်ဖိုးအားနည်းနေခြင်းကြောင့်ဖြစ်ပါကြောင်း၊ ထရမ့်မူဝါဒများအောက်တွင် နိုင်ငံအနည်းငယ်က ဒေါ်လာအမြောက်အမြားသိမ်းထားကြပြီး ဒေါ်လာများကိုရောင်းချလိုက်ပါက ဘတ်ငွေတန်ဖိုးပြန်တက်လာပါကြောင်း Mr. Jitti က ဖြည့်စွက်ပြောကြားခဲ့သည်။

ရွှေဈေးနှုန်းမြင့်တက်လာသောကြောင့် ထိုင်းလူမျိုးများက စိတ်ချရသည့်ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူလျက်ရှိရာ ဗဟိုဘဏ်မှ ဝယ်ယူမှုမပါဝင်ဘဲ ထိုင်းလူမျိုးများ၏ ရွှေဝယ်ယူမှုသည် တန်ချိန် ၅၃.၇ တန် ရှိခဲ့ပြီး ၁၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း ရွှေဝယ်လိုအားသည် တန်ချိန် ၂၀.၇ တန်ထိရှိခဲ့ပြီး ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ ငွေကြေးခိုင်မာနေမှုသည် ပို့ကုန်နှင့် ခရီးသွား သုံးစွဲမှုကို ထိခိုက်စေသောကြောင့် အစိုးရအနေဖြင့် ဘတ်ငွေတန်ဖိုးကျဆင်းစေ‌ရေးဆောင်ရွက်ရန် ထိုင်းလုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းအုပ်စုများက တောင်းဆိုထားကြောင်း၊ ထိုင်းများက ရွှေများကို ရောင်းချသည့်အခါ ဘတ်ငွေခိုင်မာလာသဖြင့် ဘတ်သည် အခြားသောအာရှငွေကြေးများထက် ရွှေနှင့် ချိတ်ဆက်လျက်ရှိကြောင်း ပညာရှင်များက သုံးသပ်ထားပါသည်။

ရွှေရောင်းအားကြောင့် ဘတ်ငွေခိုင်မာနေသည်ဆိုပါက ဈေးကွက်ပုံစံကို ပြောင်းလဲရန် အခွန်နည်းလမ်းကို အသုံးပြုနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနကို အဆိုပြုနိုင်ကြောင်း၊ ရွှေကို ဘတ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်ပါက စီးပွားရေးလုပ်ငန်းခွန်ပေးဆောင်စေပြီး ရွှေကို အမေရိကန်ဒေါ်လာဖြင့် ‌ရောင်းဝယ်ပါက အခွန်ကင်းလွတ် ခွင့်ပုံစံဖြစ်ကြောင်း၊ ယင်းနည်းလမ်းသည် ရွှေကုန်သွယ်မှုကိုလည်း တွန်းအားပေးပြီး ဘတ်ငွေတန်ဖိုးကို မသက်ရောက်တော့ပါကြောင်း၊ ယင်းအခွန်သည် ဝယ်ယူသူများက ဝယ်ယူသည် ရွှေလက်ဝတ်ရတနာလက်လီဝယ်ယူမှုတွင် မကောက်ခံပါကြောင်း၊ ရွှေသည် စိတ်ချရသည့် ပိုင်ဆိုင်မှုမဟုတ်သော်လည်း ငွေကြေးကို သိသိသာသာမြှင့်တင်/ကျဆင်းစေသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ထိုင်းအခွန်မူဘောင်ပြန်လည်ရေးဆွဲခြင်းနှင့် ရွှေကုန်သွယ်မှုတွင် ဘတ်ငွေအစား ဒေါ်လာဖြင့် အသုံးပြုစေခြင်းသည် ရွှေဈေးမြင့်တက်နေသည့်ကာလတွင် ပြည်တွင်းငွေကြေးအပေါ် ဖိအားသက်သာစေသည့်မူဝါဒနည်းလမ်းတစ်ခုဖြစ်ကြောင်း အစိုးရသစ်လက်ထက် ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားသည့် Mr. Vorapak Tanyawong က သုံးသပ်အကြံပြုထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News