ပြီးခဲ့သည့်ရက်သတ္တပတ်က ဘတ်ငွေလျင်လျင်မြန်မြန်ခိုင်မာလာခဲ့မှုတွင် ပါဝင်နိုင်သည့်အချက်တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေပို့ကုန်မြင့်တက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် H.E Mr. Anutin Charnviralkul က သက်ဆိုင်ရာ အဖွဲ့အစည်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
အခြေအနေကို ဆွေးနွေးရန်နှင့်ရှင်းလင်းချက်များရှာဖွေရန် ထိုင်းဘဏ် (ဗဟိုဘဏ်)က ရွှေကုန်သည်များအသင်းနှင့် ရွှေထုတ်လုပ်သူများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်လျက်ရှိပြီး မကြာမီအဆုံးသတ်ကို ရောက်ရှိလာမည်ဟု မျှော်လင့်ပါကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ငွေလဲလှယ်နှုန်းအပေါ် ရွှေကုန်သွယ်မှုပြုလုပ်ခြင်း၏ သက်ရောက်မှုကို လျှော့ချရန် အစီအမံများအတွက် ဗဟိုဘက်ကဆောင်ရွက်လျက်ရှိပါကြောင်း၊ အစည်းအဝေး၌ ရွှေကုန်သည်များအသင်းက အမေရိကန်ဒေါ်လာကို ပြည်တွင်းရွှေရောင်းဝယ်မှုတွင် အသုံးပြုမှုကို တိုးမြှင့်ခြင်းသည် ဘတ်အပေါ် ဖိအားကို သက်သာစေမည်ဟု အဆိုပြုခဲ့ပါကြောင်း၊ ရွှေလက်လီရောင်းချသူများကိုလည်း ဘတ်ငွေဖြင့် ရွှေဝယ်ယူမှုနှင့် ငွေကြေးလှုပ်ရှားမှုများကို လွှမ်းမိုးနိုင်သော ရင်းနှီးမြှုပ်နှံသူများ၏ အပြု အမူကိုလည်းစောင့်ကြည့်ရန် မှာကြားထားပါကြောင်း ဗဟိုဘဏ်လက်ထောက်ဥက္ကဋ္ဌ Mr. Pimphan Charoen-kwan က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားသို့ ရွှေတင်ပို့မှုသည် သိသိသာသာမြင့်တက်လာခဲ့ပြီး ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားသို့ တတိယအများဆုံးတင်ပို့သည့် ကုန်စည်ဖြစ်ပါကြောင်း၊ ရွှေပို့ကုန်မြင့်တက်လာမှုသည် ကမ္ဘောဒီးယားမှ အခြေတည်လာသော ငွေကြေးခဝါချမှုနှင့် လိမ်လည်မှုများနှင့် ဆက်စပ်နိုင်ကြောင်း၊ ယင်းသည် ထိုင်းငွေခိုင်မာမှုကို သိသိသာသာဖြစ်စေပါကြောင်း၊ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ၈ ရာခိုင်နှုန်းခန့်ထိ ငွေကြေးခိုင်မာမှုမြင့်တက်ခဲ့ပြီး ထိုင်ဝမ်ပြီးပါက အာရှတွင် ဒုတိယအခိုင်မာဆုံးငွေကြေးဖြစ်ပါကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ Mr. Kriengkrai Thiennu-kul က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝယ်လက်များက ထိုင်းရွှေကို အွန်လိုင်းနှင့် လူကိုယ်တိုင်ပုံစံနှစ်မျိုးဖြင့် ဝယ်ယူပါကြောင်း၊ ရွှေပို့ဆောင်ပေးသူများက တင်းကျပ်သော အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်ရသော်လည်း လက်ရှိတွင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့အကြား တင်းမာမှုများကြောင့် ငွေလွှဲပို့ရန် ပိုမိုအဆင်ပြေသော စင်ကာပူမှတစ်ဆင့် လမ်းကြောင်းပြောင်းလဲတင်ပို့ကြပါကြောင်း၊ ကမ္ဘောဒီးယားသို့ မူမမှန်သောရွှေပို့ကုန်ပမာဏမြင့်တက်လာလျက်ရှိသော်လည်း ထိုင်းနိုင်ငံ၏အကြီးဆုံးရွှေကုန်သွယ်သူဖြစ်သည့် YLG Bullion International တွင် မူမမှန်ချက်များမတွေ့ရှိရပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ပုံမှန်လည်ပတ်လျက်ရှိပြီး ငွေအဝင်/အထွက်များသည်လည်း ပုံမှန်ပင်ဖြစ်ကြောင်း ကုမ္ပဏီအကြီးတန်း အရာရှိ Ms. Pawan Nawawattanasub က ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ကမ္ဘောဒီးယားသို့ ရွှေတင်ပို့ခဲ့မှုသည် ဘတ် ၇၁.၃ ဘီလီယံဖြင့် ၁၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု အကောက် ခွန်ဦးစီးဌာနက ဖော်ပြထားပါသည်။
ငွေကြေးခဝါချမှုရုံးအနေဖြင့် ကမ္ဘောဒီးယားသို့ ရွှေတင်ပို့မှုမြင့်တက်ခဲ့ခြင်းကို စုံစမ်းစစ်ဆေးစေလိုကြောင်း၊ ထိုင်းဘတ်ငွေမူမမှန်စွာ ခိုင်မာနေခြင်းသည် ကမ္ဘောဒီးယားတွင် လည်ပတ်လျက်ရှိသည် လိမ်လည်မှုများနှင့် မှောင်ခိုမှုများကြောင့်ဖြစ်ပြီး ကမ္ဘောဒီးယားငွေကြေးကို ထိုင်းဘတ် ငွေကြေးသို့ ပြောင်းလဲပြီး ကမ္ဘောဒီးယားအတွင် စီးပွားရေးပျက်စီးမှုကို ကာကွယ်ရန်ဖြစ်နိုင်ကြောင်း၊ ရုံးအနေဖြင့် ငွေကြေးလွှဲပြောင်းမှုအခြေ အနေများကို နောက်ကြောင်းလိုက်ပြီး ပါဝင်ပတ်သတ်နေသော ထိုင်းကုမ္ပဏီများကို စိစစ်စေလိုကြောင်း တက်ကြွလှုပ်ရှားသူ Sonthiya Sawasdee က တောင်းဆိုထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)