International News

လျှပ်စစ်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် တရုတ်ကို တန်ပြန်နိုင်ရန်အတွက် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများပူးပေါင်း၍ မော်တော်ယာဉ်မဟာဗျူဟာ ရေးဆွဲဆောင်ရွက်သွားမည်

Last Updated:

တရုတ်နိုင်ငံတွင် လျှပ်စစ်ယာဉ်ထုတ်လုပ်မှုများကျယ်ပြန့်လာသည်နှင့်အမျှ အရှေ့တောင်အာရှဒေသအတွင်း မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုမြှင့်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးတွဲမဟာ ဗျူဟာတစ်ရပ် ချမှတ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးဝန်ကြီးများတွေ့ဆုံရာ၌ ၂၀၃၅ ခုနှစ်အထိ ချမှတ်သွားမည့်ပူးတွဲမဟာဗျူဟာကို ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အာဆီယံနိုင်ငံများတွင် Toyota Motor နှင့် Honda Motor အပါအဝင် ဂျပန်နိုင်ငံ၏မော်တော်ယာဉ်စက်ရုံအများအပြားတည်ဆောက်ထားပြီး အဆိုပါစက်ရုံများတွင် နှစ်စဉ်မော်တော်ယာဉ် ၃ သန်းကျော်တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး အာဆီယံဒေသတွင်း ထုတ်လုပ်နိုင်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုလျက်ရှိကြောင်း၊ အာဆီယံဒေသ တွင်း၌ ထုတ်လုပ်သည့် မော်တော်ယာဉ်များကို အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ဖော်ပြထားပါသည်။

ပူးတွဲမဟာဗျူဟာအရ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရာတွင် ကာဗွန်လျှော့ချနိုင်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်မှုအတွက် လိုအပ်သည့်အရင်းအမြစ်များဝယ်ယူရရှိနိုင်ရေး၊ ဇီဝလောင်စာကဲ့သို့သော ဆန်းသစ်သည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အာဆီယံဒေသတွင်း၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော နည်းလမ်းများဖြင့် မော်တော်ယာဉ်များထုတ်လုပ်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံများသို့ သတင်းအချက် အလက်များဖြန့်ဝေနိုင်ရေးစသည့် လုပ်ငန်းစဉ်များတွင် အာဆီယံနှင့်ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားကြရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် စက်ရုံလုပ်သားများနှင့် မော်တော်ယာဉ်အစိတ်အပိုင်းဖြန့်ဖြူးပံ့ပိုးပေးသူများအား လေ့ကျင့်သင်ကြားနိုင်ရေးအတွက် ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးရန်လျာထားခဲ့သည့် ယန်း ၁၄၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၉၀၀ သန်း)ကို သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စက်ရုံများတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကို တိုင်းတာနိုင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းသုံးစွဲနိုင်ရေးတို့အတွက် ဂျပန်နိုင်ငံ၏နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဆန်းသစ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးအတွက် လျှပ်စစ်ယာဉ်ထုတ်လုပ်ရာတွင် လိုအပ်သည့်ကုန်ကြမ်းများဝယ်ယူရရှိနိုင်မှု၊ ဘက်ထရီများကို ပြန်လည်သုံးစွဲနိုင်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်မှုတို့အပေါ် သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချက်ပြုတ်ပြီးသည့်ဆီကို အသုံးပြု၍ ဇီဝလောင်စာထုတ်လုပ်နိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

မော်တော်ယာဉ်တင်ပို့မှုကို မြှင့်တင်နိုင်ရေးအတွက် အာဆီယံနှင့် ဂျပန်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးတွဲကြိုးပမ်းမှုများကို ကမ္ဘာသို့ ချပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဂျပန်နိုင်ငံမှ မော်တော်ယာဉ်ကုမ္ပဏီများအနေဖြင့် အာဆီယံဒေသတွင်း၌ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ကိုယ်ပိုင်ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် BYD နှင့် SAIC Motor ကဲ့သို့သောတရုတ်ကုမ္ပဏီများအနေဖြင့် ဒေသတွင်း၌ ကျယ်ပြန့်စွာထိုးဖောက်လာမှုကြောင့် ဂျပန်အစိုးရအနေဖြင့် အာဆီယံနိုင်ငံများနှင့် ယခုကဲ့သို့ ပူးတွဲမဟာဗျူဟာချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံ၌ လျှပ်စစ်ယာဉ်(EVs)ထုတ်လုပ်သည့် ကုမ္ပဏီများအား ထိုင်းအစိုးရအနေဖြင့် ပံ့ပိုးမှုနှင့်အခွန်ကင်းလွတ်ခွင့်များ ခွင့်ပြုပေးလျက်ရှိကြောင်း၊ BYD ကဲ့သို့သော တရုတ်ကုမ္ပဏီများအနေဖြင့် အဆိုပါအခွင့်အရေးများကို ရယူအသုံးပြုလျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရောင်းချသည့် လျှပ်စစ်ယာဉ်များ၏ ၈၅ ရာခိုင်နှုန်းမှာ တရုတ်ကုမ္ပဏီများမှဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News