International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သည် ၅ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၁.၇၈ ဘီလီယံဆွဲဆောင်နိုင်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သည် ၂၀၂၅ ခုနှစ် ၅ လအတွင်း မှတ်ပုံတင်ထားသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၇၈ ဘီလီယံနီးပါးဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈၇.၅ ရာခိုင်နှုန်းသိသိသာသာတိုးလာကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရှိရပါသည်။

ဇွန် ၃ ရက်က ကျင်းပသည့်အစည်းအဝေးတွင် တောင်ပိုင်းမြို့တော်၏ လူမှုစီးပွားအခြေအနေနှင့်ပတ်သက်၍ အစီရင်ခံတင်ပြရာတွင် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ Nguyen Van Douc က ဟိုချီမင်းမြို့သည် နယ်ပယ်များစွာတွင် အပြုသဘောဆောင်သောတိုးတက်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ပို့ကုန်လုပ်ငန်းများနှင့်ပတ်သက်၍ ၅ လတာကာလအတွင်း စုစုပေါင်းပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၀.၃၆ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၁ ရာခိုင် နှုန်းတိုးမြှင့်လာခဲ့ကြောင်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅.၉၈ ဘီလီယံခန့်မှန်းထားပြီး ၁၄.၈ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ လက်လီ‌ရောင်းချမှုစုစုပေါင်းသည် ဗီယက်နမ်ဒေါင် ၅၄၄.၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀.၈၅ ဘီလီယံ)ကျော်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း စက်မှုထုတ်လုပ်မှုအညွှန်းကိန်း(IIP)သည် တစ်နှစ်ထက်တစ်နှစ် ၈.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News