၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း ၄၂,၄၃၅ ခုထူထောင်နိုင်ခဲ့ကြောင်းနှင့် ယင်းသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၄.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဖော်ပြခဲ့သည်။ အဆိုပါကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(foreign direct investment - FDI)တန်ဖိုးသည် ယွမ် ၅၀၆.၅၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၁.၂၂ ဘီလီယံခန့်)ရှိပြီး ယင်းသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ယွမ် ၁၂၉.၀၃ ဘီလီယံနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ယွမ် ၃၆၆.၁၉ ဘီလီယံရှိခဲ့သည်။
တရုတ်နိုင်ငံ၏အဆင့်မြင့်နည်းပညာကဏ္ဍများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ယွမ် ၁၄၈.၂၈ ဘီလီယံရှိခဲ့သည်။ အီလက်ထရောနစ်စီးပွားရေးဝန်ဆောင်မှု(e-commerce services)၊ အာကာသ ယာဉ်ပစ္စည်းထုတ်လုပ်ခြင်း(aerospace equipment manufacturing)၊ ဓာတုဆေးဝါးထုတ်လုပ်ခြင်း(chemical pharmaceutical manufacturing)နှင့် ဆေးပစ္စည်းကိရိယာပစ္စည်းထုတ်လုပ်ခြင်း (medical instrument manufacturing)ကဏ္ဍများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ၁၆၉.၂ ရာခိုင်နှုန်း၊ ၃၇.၅ ရာခိုင် နှုန်း၊ ၂၃.၂ ရာခိုင်နှုန်းနှင့် ၁၉.၂ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။
ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်များအရ ဂျပန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း(UK)နှင့် စင်ကာပူနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများသည် ၅၈.၉ ရာခိုင်နှုန်း၊ ၃၇.၂ ရာခိုင်နှုန်း၊ ၂၄.၅ ရာခိုင်နှုန်းနှင့် ၁.၈ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်မြင့်တက်လာခြင်းသည် တရုတ် ဈေးကွက်အား နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက ယုံကြည်မှုဆက်လက်ရှိနေသည်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် တရုတ်ဈေးကွက်၏အရွယ်အစား၊ ဖွံ့ဖြိုးမှုအလားအလာနှင့် ထုတ်လုပ်မှုစနစ်၏ ပြည့်စုံမှုတို့သည် အဓိကဆွဲဆောင်မှုများဖြစ်ကြောင်း တွေ့ရှိရသည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0920/c90000-20368552.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)