International News

ဖိလစ်ပိုင်နိုင်ငံမှ အော်ဂဲနစ်စားသောက်ကုန်များအား အိန္ဒိယဈေးကွက်သို့တင်ပို့ရန် ရည်မှန်းထား

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည်  အော်ဂဲနစ်စားသောက်ကုန်ပစ္စည်းများကို အိန္ဒိယဈေးကွက်သို့ ချဲ့ထွင်သွားရန်ရည်မှန်းထားပါကြောင်းနှင့်၂၀၂၈ ခုနှစ်တွင် အာရှနိုင်ငံများကြား တတိယအကြီးဆုံးဈေးကွက်နေရာရရှိပြီး စိုက်ပျိုး ရေးကဏ္ဍကုန်သွယ်မှုအား ပိုမိုတိုးမြှင့်သွားရန်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် World Food India 2025 ကာလအတွင်း သီးခြားဆွေးနွေးခဲ့ပါကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အစည်းအဝေးသို့တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များသည် ဖိလစ်ပိုင်နိုင်ငံမှကုန်ထုတ်လုပ်သူများနှင့် ချိတ်ဆက်နိုင်ရေး လေ့လာခဲ့ပြီး အထူးသဖြင့် အမျိုးသမီးများဦးဆောင်သည့် အော်ဂဲနစ်စားသောက်ကုန်လုပ်ငန်းများအတွက် ရည်ရွယ်ပါကြောင်း ဖော်ပြထားပါသည်။  

ထို့ပြင် ကိုယ်စားလှယ်အဖွဲ့သည် အိမ်မွေးတိရစ္ဆာန်စားသောက်ကုန်များ၊ အသီးအရွက်ကိုအခြေခံသည့်စားသောက်ကုန်များ၊ အဖျော်ယမကာများနှင့်အထူးစီမံပြုလုပ်သည့် စားသောက်ကုန်လုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ ထို့ပြင် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယစားသောက်ကုန်ထုတ်လုပ်ရေးဝန်ကြီး ဌာနနှင့်လည်း ဈေးကွက်ချိတ်ဆက်နိုင်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အဆင်ပြေလွယ်ကူချောမွေ့စေရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကိုဆွေးနွေးခဲ့ကြပါသည်။ ထပ်မံ၍ စားသောက် ကုန်ထုတ်လုပ်မှုဆိုင်ရာ စံသတ်မှတ်ချက်နှုန်းထားများ၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တန်ဖိုးကွင်းဆက်တလျှောက် စီမံဆောင်ရွက်ထားမည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

(ကေသွယ်ခိုင်၊  စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News