ထိုင်းနိုင်ငံသည် အခွန်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးအဆိုပြုလွှာကို အမေရိကန်သို့ ပေးပို့သွားရန်စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြောကြားချက်အရ သိရှိရ ပါသည်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းတို့သည် ဗီဒီယိုကွန်ဖရင့်နှင့်ဆွေးနွေးခဲ့ကြပါကြောင်း၊ အမေရိကန်က နှစ်နိုင်ငံကုန်သွယ်ရေးမျှခြေကိုမြှင့်တင်ရန် အဓိကအချက် ၅ချက်ကို ခြုံငုံသည့်အဆိုပြုလွှာကို တင်ပြခဲ့ပါကြောင်း၊ အဆိုပါခေါင်းစဉ်များမှာ ကုန်သွယ် ရေးအစီအမံများနှင့်ခွဲတမ်းများ၊ အခွန်မဟုတ်သောအတားအဆီးများ၊ ဒီဂျစ်တယ်ကုန်သွယ်ရေးစီမံခန့်ခွဲမှု၊ ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့် စီးပွားရေးနှင့် နိုင်ငံတော်လုံခြုံ ရေးတို့ဖြစ်ကြောင်း၊ ကုန်သွယ်ရေးကိုယ်စားလှယ်က အဆိုပါနယ်ပယ် ၅ ခုကို ဖြေရှင်းမည့်ကနဦးအဆိုပြုလွှာကို ထိုင်းနိုင်ငံအနေဖြင့် တင်ပြရန်တောင်းဆိုခဲ့ကြောင်း၊ ဆွေးနွေးချက်များနှင့် အဆိုပြုလွှာသည် ရလဒ် ကောင်းများထွက်လာမည်ဟု ယုံကြည်ပါကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Vuttikrai Leewiraphan က ပြောကြားခဲ့သည်။
ယခင်က ထိုင်းနိုင်ငံသည် ရွေးချယ်ထားသော ကုန်စည်အမျိုးအစားများအတွက် သွင်းကုန်အခွန် လျှော့ချပေးရန်၊ ဘိုးအင်းလေယာဉ်နှင့် လက်နက်ဝယ်ယူရန်နှင့် အခွန်မဟုတ်သောအတားအဆီးများကို သက်သာစေရန် အကြံပြုထားသည့် စာတစ်မျက်နှာပါ မူဘောင်ကို တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အနာဂတ်တွင် ပိုမိုအသေးစိတ်သော ညှိနှိုင်းမှုများအတွက် နည်းလမ်းဖြစ်စေမည့် အဆိုပြုလွှာကို တင်ပြသွားမည်ဖြစ်ပြီး ဆွေးနွေးမှုကို ဇူလိုင် ၉ ရက်နေ့ထိ အပြီးမသတ်နိုင်ပါက အမေရိကန်အနေဖြင့် ညှိနှိုင်းမှုကို သက်တမ်းတိုးပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အမြင့်ဆုံးအခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းဖြစ်စေမည်ဖြစ်ကြောင်း၊ အဆိုပြုလွှာသည် ထိုင်းနိုင်ငံကို အကျိုးမယုတ်လျော့စေပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မေလအတွင်း ထိုင်းနိုင်ငံ၏ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံကျော်လွန်တင်ပို့နိုင် ခဲ့ပြီး ၁၈.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ ၁၁ လဆက်တိုက်တိုးတက်မှုရှိခဲ့သလို ၃၈ လအတွင်း အမြင့်ဆုံးနှုန်းဖြစ်ပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃၈ ဘီလီယံနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ပို့ကုန်မြင့်တက်ခဲ့ရခြင်းမှာ ကုန်သွယ်ရေးမိတ်ဖက်များက အမေရိကန်၏ ရက် ၉၀ အခွန် ရွှေ့ဆိုင်းထားသည့်ကာလအတွင်း တင်သွင်းမှုမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှုရည်မှန်းချက်သည် ၁၀ ရာခိုင်နှုန်းဖြစ်ပါက ကျန်လများတွင် ၁ လလျှင် အမေရိကန်ဒေါ်လာ ၂၇.၄ ဘီလီယံရှိရမည်ဖြစ်ကြောင်း၊ မေလအတွင်း အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ကမ္ဘောဒီးယား၊ လာအို၊မြန်မာနှင့် ဗီယက်နမ်စသည့် အဓိကဈေးကွက်များသို့ တင်ပို့မှုမြင့်တက်ခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့်မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ဇွန်လအတွင်း ပို့ကုန်တန်ဖိုးသည် ကျဆင်းမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ကိန်းဂဏန်း ၂ လုံးဖြစ်ရန်မှာ ဇူလိုင် ၈ ရက်နေ့တွင် ပြီးဆုံးမည့် ရက် ၉၀ ရွှေ့ဆိုင်းပြီးနောက် အမေရိကန်အခွန်သည် မည်ကဲ့သို့ဆက်လက်ဖြစ်ပွားမည်ကို စောင့်ကြည့်ပြီးမှသာဆုံးဖြတ်ရန်ဖြစ်ကြောင်း ထိုင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က သုံးသပ်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)