International News

ထိုင်းကုန်စည်များအပေါ် အမေရိကန်၏အခွန်နှုန်းထားသည် ၂၀ ရာခိုင်နှုန်းထက်ကျော်လွန်နိုင်မည်မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Pichai Chunhavajira က ပြောကြားခဲ့

Last Updated:

ထိုင်းသွင်းကုန်များအပေါ် အမေရိကန်အခွန်သည် အိမ်နီးချင်းအာဆီယံနိုင်ငံများအပေါ် ကောက်ခံမှုနှင့်အညီ ၂၀ ရာခိုင်နှုန်းထက် ကျော်လွန်လိမ့်မည်မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Pichai Chunhavajira က ပြောကြားခဲ့သည်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်များနှင့် တရားဝင်ညှိနှိုင်းမှုကို ၁၇-၇-၂၀၂၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဆွေးနွေးချက်များသည် အပြုသဘောဆောင်ပါကြောင်း၊ အခွန်နှုန်းထားသည် ဒေသတွင်းအခြားသော နိုင်ငံများသို့ ကောက်ခံသည့်နှုန်းထားနှင့်တူညီနိုင်ကြောင်း၊ နောက်ဆုံးဆုံးဖြတ်ချက်သည် ဩဂုတ်လ ၁ ရက် နောက်ဆုံးသတ်မှတ်ရက်ထက်စောနိုင်ကြောင်း၊ မိမိတို့သည် ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့်အတွက် တူညီသောအုပ်စုအတွင်းနှုန်းထားကို ရရှိလိုကြောင်း၊ ဆွေးနွေးခဲ့သည့်ဆွေးနွေးချက်များကို အမေရိကန်အစိုးရရှိ အဆင့်မြင့်ပိုင်းကို ပေးပို့ထားပြီးဖြစ်ကြောင်း၊ အမေရိကန်၏ မျှော်လင့်ထားချက်များအတိုင်း ကိုက်ညီသည့် တုန့်ပြန်ချက်များကို တင်ပြထားပြီးဖြစ်ရာ ရှင်းလင်းသောဦးတည်ချက်ရှိကြောင်း၊ ဆွေးနွေးချက်များတွင် အခွန်၊ ဖြတ်သန်းကုန်စည်(Transhipment goods)၊ အမေရိကန်မှ သွင်းကုန်များကို ထိုင်းနိုင်ငံအနေဖြင့် စိတ်ဝင်စားမှု သို့မဟုတ် အမေရိကန်တွင် ထိုင်းရင်းနှီးမြှုပ်နှံများပါဝင်သဖြင့် ဆွေးနွေးမှုများသည်အပြုသဘောဖြင့် ရှေ့ဆက်သွားပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဈေးကွက်ဖွင့်သည်ဆိုရာတွင် ထိုးစစ်ရပ်တည်ချက်ကိုရယူရန် ပြင်ဆင်ထားရမည်ဖြစ်ပြီး အမေရိကန်မှ ကုန်စည်များတင်သွင်းခြင်းသည် ကုန် သွယ်ရေးလိုငွေကို တစ်ခုတည်းဖြင့် မလျှော့ချနိုင်သောကြောင့် စီးပွား ရေးအရွယ်အစားကို တိုးချဲ့ရမည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ သွင်းကုန်ကိုတိုးမြှင့်လျှင် ပိုမိုရောင်းချရန်ဖြစ်ပြီး အမေရိကန်သို့သာမဟုတ် ကမ္ဘာအနှံ့သို့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်မှတင်သွင်းရန် သဘော တူညီခဲ့သည့်ကုန်စည်များတွင် စိုက်ပျိုး‌ရေးထုတ်ကုန်၊ စက်မှုထုတ်ကုန်များနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်စည်များပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းထုတ်လုပ် သူများကို ပထမဦးစားပေးသည့်မူဖြင့် ရပ်တည်လျက်ရှိပြီး မည်သူနှင့်မဆိုယှဉ်ပြိုင်နိုင်သော ထိုင်းထုတ်လုပ်သူများ၏ယှဉ်ပြိုင်မှုကို တိုးမြှင့်စေရန်ဖြစ်ကြောင်း၊ အဆိုပြုလွှာတွင် ကိုယ့်နိုင်ငံအကျိုးကျေးဇူးအတွက်သာမဟုတ်ဘဲ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖြင့် နှစ်ဖက်အကျိုးရှိစေမည့် အချက်ဖြစ်သည်ကို ယုံကြည်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများတွင် အမေရိကန်ကိုသာ ဦးစားပေးသည်မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ထုတ်လုပ်မှုစွမ်းရည်ကိုတိုးမြှင့်၍ ထိုင်းနိုင်ငံအတွက် အခွင့်အရေးတစ်ခုကိုပြုပြင်ပြောင်းလဲရာ ရေရှည်တွင် နိုင်ငံအတွက် အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ခဲ့သည့်လုပ်ငန်းများအတွက် အစီအမံ(၃)ခုကို စီစဉ်လျက်ရှိပြီး အသေးစားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်သစ်များရှာဖွေပေးခြင်း၊ပို့ကုန်ကိုအဟန့်အတားဖြစ်စေမည့် လုပ်ထုံးလုပ်နည်းများဖြေလျှော့ခြင်းနှင့် အတိုးနှုန်းနည်း သောချေးငွေထုတ်ပေးခြင်းတို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mr. Chantawit Tantasith က ဖြည့်စွက်ပြောကြားခဲ့သည်။  

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News