ဒေါ်လာလဲလှယ်နှုန်း ၈၀ ရူဘယ်နှင့်အထက် ဆက်လက်ရှိနေမည်ဆိုပါက ရုရှားနိုင်ငံမှ ဓါတ်မြေဩဇာတင်ပို့မှုအခွန်နှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ဒေါ်လာလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ရူဘယ် ၈၀ နှုန်းအောက်ရောက်ရှိပါက အခွန်နှုန်းမှာ ၇ ရာခိုင်နှုန်းသာထားရှိမည်ဖြစ်ပြီး ရူဘယ် ၈၀ နှုန်းအထက်ရောက်ရှိပါက ၁၀ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်ကြောင်း သိရှိရ သည်။
ထို့အပြင် ဓါတ်မြေဩဇာအခွန်နှုန်း၏ အနိမ့်ဆုံးနှုန်းထားမှာ နိုက်ထရိုဂျင်တစ်တန်လျှင် ရူဘယ် ၁၁၀၀(၁၁.၄ ဒေါ်လာ)၊ ဖော့စဖောရက်တစ်တန်လျှင် ၂၁၀၀(၂၁.၈ ဒေါ်လာ)နှင့် ပိုတက်တစ်တန်လျှင် ၁၈၀၀(၁၈.၇ ဒေါ်လာ)ဖြစ်ကြောင်း၊ အခွန်နှုန်းအား ယခင်လ၏ ၂၅ ရက်နေ့ ဒေါ်လာလဲလှယ်နှုန်းအပေါ် အခြေခံ၍ တွက်ချက်မည်ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရုရှားအစိုးရအနေဖြင့် တစ်တန်လျှင်ဒေါ်လာ ၄၅၀ ထက်တန်ဖိုးပိုများသော သဘာဝဓါတ်မြေဩဇာများအား ပြည်ပသို့တင်ပို့ပါက အခွန်ပေးဆောင်ရန် သတ်မှတ်ခဲ့ပြီး၊ ဒေါ်လာ ၄၅၀ အောက်ဓါတ်မြေဩဇာများအတွက် အခွန်သတ်မှတ်ခြင်းမရှိခဲ့ကြောင်း၊ သို့သော်လည်း ယခုနှစ် ရုရှားအစိုးရဘတ်ဂျက်သည် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုအခွန်နှုန်းမှ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည့်အတွက် အစိုးရအနေဖြင့် အစီအစဉ်သစ်များ ထပ်မံရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ ရလဒ်အနေ ဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဓါတ်မြေဩဇာအမျိုးအစားအလိုက် အခွန်နှုန်းအား အနည်းဆုံး ၇ ရာခိုင်နှုန်းမှ စတင်ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။
ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်ကိုကာကွယ်ရန်အတွက် ကုန်စည်အချို့အပေါ် လိုက်လျောညီထွေရှိသော ပို့ကုန်ခွန်များကို အောက်တို ဘာလ ၁ ရက်နေ့မှစတင်၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း သတ်မှတ်ထားပြီး ၎င်းကုန်စည်များအနက် ဓာတ်မြေသြဇာလည်းအပါအဝင်ဖြစ်ကာ ဒေါ်လာငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ဓာတ်မြေသြဇာပို့ကုန်ခွန်များ တိုးမြင့်မည်ဖြစ်သဖြင့် ရုရှားနိုင်ငံမှ တင်ပို့သော ဓာတ်မြေသြဇာများ၏ ဈေးနှုန်းများသည် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ရပါသည်။
Source : https://tass.com/economy/1678673
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)