International News

အီးယူလုပ်ငန်းများအနေဖြင့် ဖိလစ်ပိုင်-အီးယူ FTA အလားအလာအရ ဖိလစ်ပိုင်ဈေးကွက်အတွင်း ပိုမိုဝင်ရောက်နိုင်ခြေရှိ

Last Updated:

ဥရောပလုပ်ငန်းအများစုသည် ဖိလစ်ပိုင်ဈေးကွက်တွင် လုပ်ငန်းထူထောင်ရန် ယုံကြည်မှုရှိနေဆဲဖြစ်ပြီး လတ်တလောပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနှင့် ဖိလစ်ပိုင်-အီးယူလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(PH-EU FTA)အား ညှိနှိုင်းလျက်ရှိနေသောကြောင့်ဖြစ်ကြောင်း EU-Asian Business Council(EU-ABC)မှ ပြောကြားထားပါသည်။ သမ္မတမားကို့စ်ဂျူနီယာအစိုးရဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး(Ease of Doing Business)လုပ်ငန်းစဉ်များသည် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ယခုကဲ့သို့ Ease of Doing Business လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနိုင်စေရေးပြုပြင်ပြောင်းလဲခြင်းသည် လိုအပ်ပါကြောင်းကိုလည်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် Investor’s Lease Act သည် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်စွမ်းအင်ကဏ္ဍတို့အတွက် ပိုမိုဆွဲဆောင်လာနိုင်ပါကြောင်း၊ PH-EU FTA ကိုလည်း နှစ်နိုင်ငံစလုံးမှ လာမည့်နှစ်ကုန်တွင် အပြီးသတ်စေလိုပါကြောင်း၊ အီးယူဈေးကွက်သို့ ဝင်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အချို့သောလုပ်ငန်းစဉ်များတွင် အခက်အခဲအချို့ရှိနေပါကြောင်း ဖော်ပြထားပါသည်။ EU-Vietnam FTA ဆောင်ရွက်နိုင်မည်ဆိုပါကလည်း ကုန်သွယ်မှုပိုမိုအရှိန်အားကောင်းလာနိုင်မည်ဖြစ်ပြီး အီးယူ၏ရင်းနှီးမြှုပ်နှံမှုများသည် ဗီယက်နမ်နိုင်ငံတွင်လည်း တိုးမြင့်လာနိုင်မည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောတွင် EU GSP+ Scheme ကို ရရှိခံစားနေလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်းမြင့်တက်လာခြင်းဖြင့် အဆိုပါ EU GSP+ Scheme ခံစားခွင့်များဆုံးရှုံးရမည်ဖြစ်ပါသည်။ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဆိုပါအခွင့်အရေးနေရာတွင် FTA အား အစားထိုးနိုင်ခြင်းဖြင့် အီးယူနှင့်ဖိလစ်ပိုင်နိုင်ငံတို့ကြား ကုန်သွယ်မှုကိုမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း EU-ABCအမှုဆောင်ဒါရိုက်တာဖြစ်သူမှ ပြောကြားထားကြောင်း ဖော်ပြပါရှိပါသည်။

အီးယူအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ တစ်ပိုင်လျှပ်ကူးပစ္စည်းကဏ္ဍ၊ အဆင့်မြင့်အီလက်ထရောနစ်လုပ်ငန်းကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှုရှိပါကြောင်း၊ ဖိလစ်ပိုင်အနေဖြင့်လည်း အမေရိကန်မှ ချိပ်စ်ပြားများအပေါ် ချမှတ်ခဲ့သည့် အခွန်နှုန်းထားအသစ်ကြောင့် အီးယူဈေးကွက်သည် အခြားသောအားထားရာ အလားအလာရှိသောဈေးကွက်တစ်ခုဖြစ်လာပါသည်။ ဖိလစ်ပိုင်နိုင်ငံကဲ့သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်တင်ပို့သည့် အရှေ့တောင်အာရှနိုင်ငံများအတွက် အီးယူဈေးကွက်သည် အမေရိကန်ပြင်ပဈေးကွက်တစ်ခုအဖြစ် အလားအလာရှိသော ဈေးကွက်တစ်ခုဖြစ်လာနိုင်ပြီး အီးယူအနေဖြင့်လည်း အဆိုပါတစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ကြီးမားသည့်ပမာဏ လိုအပ်ချက်ရှိသည့် ဈေးကွက်တစ်ခုဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

Source: https://www.bworldonline.com/economy/2025/09/18/699484/reforms-prospect-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News