International News

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ဆန်တင်သွင်းမှုယာယီရပ်ဆိုင်းခြင်းကို သက်တမ်းတိုးလို

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ဆန်တင်သွင်းမှုယာယီရပ်ဆိုင်းခြင်းကို နောက်ထပ် ၁၅ ရက် သက်တမ်းတိုးမည့်အပေါ် ထောက်ခံလိုကြောင်း၊ သမ္မမားကို့စ်မှ ထုတ်ပြန်ခဲ့သည့် ဆန်တင်သွင်းမှုယာယီရပ်ဆိုင်းသည့်ကာလမှာ စက်တင်ဘာလမှ အောက်တိုဘာလထိဖြစ်ပြီး ပြည်တွင်းစပါးရိတ်သိမ်းမည့်ကာလအတွင်း ဆန်တောင်သူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ပါ သည်။  စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဆန်တင်သွင်းမှုယာယီရပ်ဆိုင်းခြင်းသက်တမ်းတိုးရန် စက်တင်ဘာလကုန်တွင်အဆိုပြုတင်ပြသွားမည်ဖြစ်ပါကြောင်း၊ သက်တမ်းတိုးမည့်ကာလမှာ အနည်းဆုံး ၁၅ ရက်မှ ရက်ပေါင်း ၃၀ အထိဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာမှထုတ်ပြန်သည့်ကိန်းဂဏန်းအချက် အလက်များအရ စပါးအစိုဈေးနှုန်းသည် လတ်တလောသတင်းပတ်များအတွင်း မြင့်တက်ခဲ့ပါကြောင်း၊ ဆန်တင်သွင်းမှုမရပ်ဆိုင်းမီက စပါးတစ်ကီလိုလျှင် ၈ ပီဆိုမှ ၁၀ ပီဆိုထိရှိရာမှ Mindanao ကဲ့သို့သောအချို့သောဒေသများတွင် တစ်ကီလိုလျှင် ၁၇ ပီဆိုအထိမြင့်တက်ခဲ့ပါသည်။ ထို့ပြင် Isabela နှင့် Nueva Ecija မြို့နယ်များတွင် စပါးတစ်ကီလိုလျှင် ၁၃ ပီဆိုမှ ၁၄ ပီဆိုထိရောက်ရှိခဲ့သော် လည်း အဆိုပါဈေးနှုန်းသည် တောင်သူအများစုအတွက် အကျိုးအမြတ်မရရှိဆဲ အခြေအနေတွင်ပင်ရှိနေပါကြောင်း ဖော်ပြပါရှိပါသည်။

စပါးတစ်ကီလိုလျှင် စိုက်ပျိုးစရိတ်မှာ ၁၄ ပီဆိုခန့်ရှိပြီး နည်းလမ်းမှန်စွာ စနစ်တကျစိုက်ပျိုးနိုင်သည့်ထုတ်လုပ်သူများအတွက်မူ တစ်ကီလိုလျှင် ၁၂ ပီဆိုထိ ကုန်ကျစရိတ်လျှော့ချနိုင်မည်ဖြစ်ပါသည်။ ဆန်တင်သွင်းမှုပမာဏသည် ပြည်တွင်းစပါးဈေးနှုန်းအပေါ် ရိုက်ခတ်မှုရှိစေနိုင်သည့်အကြောင်းအချက်တစ်ခုဖြစ်သဖြင့် စပါးရိတ်သိမ်းထွက်ရှိမည့်အချိန်အတွင်း ဆန်တင်သွင်းမှုအား ယာယီရပ်ဆိုင်းရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါ သည်။ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်က ဆန်လုပ်ငန်းကဏ္ဍအားဖြေလျှော့ပေးရန် ပြဋ္ဌာန်းခဲ့သည့် Rice Tariffication Law အား ပြင်ဆင်နိုင်ရေး ဆွေးနွေးတင်ပြထားပါကြောင်း၊ ဥပဒေပါပြင်ဆင်လိုသည့်အပိုင်းမှာ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)၏လုပ်ငန်းတာဝန်အချို့ကို ပြန်လည်ရယူဆောင်ရွက်သွားရန်၊ NFA အနေဖြင့် ပြည်တွင်းဆန်ဈေးကွက်တွင် ပါဝင်ဆောင်ရွက်ခွင့်၊ ဆန်တင်သွင်းမှုအား စိုက်ပျိုးရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ စီမံခန့်ခွဲခွင့်ပြန်လည်ရရှိစေရေးဖြစ်ပါသည်။

စိုက်ပျိုးရေးဝန်ကြီးသည် သက်တမ်းတိုးမည့်ကိစ္စရပ်အားသမ္မတမားကို့စ်ဂျူနီယာထံသို့ မတင်ပြမီ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအဖွဲ့တို့နှင့်လည်း ဦးစွာတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

Source: https://www.da.gov.ph/da-chief-mulls-extension-of-rice-import-freeze/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News