ဂျာမန်ဘဏ္ဍာရေးဝန်ကြီး Mr. Lars Klingbeil ၏ ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းတွင် ကာကွယ်ရေးအသုံးစရိတ်နှင့် အစိုးရက ချေးယူမည့်ချေးငွေများအပါအဝင် အသုံးစရိတ်များ၌ စံချိန်တင်ကိန်းဂဏန်းများပါရှိကြောင်း၊ ကာကွယ်ရေးအသုံး စရိတ်ကို ၂၀၂၉ ခုနှစ်မတိုင်မီတွင် ရှိရင်းစွဲထက် နှစ်ဆကျော်တိုးကာ ယူရို (၁၅၂.၈၀)ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၇၇ ဘီလီယံ)အထိ ထည့်သွင်းခန့်မှန်းထားကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ်တွင် ရုရှားမှ ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှု စတင်ခဲ့ချိန်မှစ၍ ဂျာမနီသည် ၎င်း၏လုံခြုံရေးအပေါ် စိုးရိမ်မှုများကြီးထွားလာပြီး ကာကွယ် ရေးအသုံးစရိတ်ကို မြှင့်တင်ရန်ကြိုးစားလာချိန်၌ အမေရိကန်သမ္မတ Donald Trump ကလည်း ဥရောပနိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်ရန်ဖိအားပေးလာချိန်တွင် ဂျာမနီ၏ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၃.၅ ရာခိုင် နှုန်းအထိတိုးမြှင့်၍ ခန့်မှန်းလာခြင်းဖြစ်ပါသည်။
ဘတ်ဂျက်မူကြမ်းအရ အသားတင်ချေးယူမှု သိသိသာသာတိုးလာမည်ဖြစ်ရာ ယမန် နှစ်က ချေးငွေရယူမှု ယူရို(၃၃.၃)ဘီလီယံရှိရာမှ ယခု ၂၀၂၅ ခုနှစ်တွင် ယူရို(၈၁.၈) ဘီလီယံအထိမြင့်တက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူပင် လာမည့်လေးနှစ်တာကာလအတွင်းတွင်လည်း ဆက်လက်မြင့်တက်လာမည်ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင်ယူရို (၈၉.၃)ဘီလီယံ၊ ၂၀၂၇ ခုနှစ်တွင် ယူရို(၈၇.၅)ဘီလီယံ၊ ၂၀၂၈ ခုနှစ်တွင် ယူရို (၁၁၅.၇)ဘီလီယံနှင့် ၂၀၂၉ ခုနှစ်တွင် ယူရို(၁၂၆.၁)ဘီလီယံအသီးသီးရှိလာနိုင်ပါ ကြောင်းနှင့်ယင်းချေးငွေပိုမိုတိုးမြှင့်ရယူမည့်ကိစ္စသည် ပြီးခဲ့သည့်မတ်လက ဂျာမနီ ၏အမည်ခံ Debt Brake အား ဖြေလျှော့မှုပြုခဲ့စဉ်တွင် အတည်ပြုခဲ့သောဥပဒေဖြစ်နိုင်ဖွယ်ရှိကြောင်းဖော်ပြထားပါသည်။
ဂျာမနီနိုင်ငံအနေဖြင့် ယင်း၏ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၉ ခုနှစ်တွင် ၃.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည့်ကိစ္စအား အခိုင်အမာဆုံးဖြတ်ထားပြီဖြစ်ကြောင်းကို ယခုရက်သတ္တပတ်အတွင်း နယ်သာလန်နိုင်ငံ၊ The Hague မြို့၌ ကျင်းပလျက်ရှိသည့် NATO summit တွင် ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းနှင့်အတူ အချက်ပြတော့မည်ဖြစ်ကြောင်းနှင့်ဘတ်ဂျက်မူကြမ်းအရ ဂျာမနီ၏စုစုပေါင်းကာကွယ်ရေးအသုံး စရိတ်မှာ ၂၀၂၅ ခုနှစ်တွင် (၉၅)ဘီလီယံရှိရာမှ ၂၀၂၉ ခုနှစ်တွင် (၁၆၂)ဘီလီယံရှိလာမည်ဖြစ်ကြောင်း Reuters သတင်းဌာနက ၂၃-၆-၂၀၂၅ ရက်တွင် ပြောကြားခဲ့မှုအရ သိရှိရပါသည်။
ဂျာမန်အထက်လွှတ်တော်သည် ပြီးခဲ့သည့်မတ်လတွင် နိုင်ငံ၏ငွေချေးယူခြင်းဆိုင် ရာစည်းမျဉ်းများကို ပြုပြင်ပြောင်းလဲခဲ့ပြီး ဂျာမနီ၏အခြေခံအဆောက်အဦများကို ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် ဥရောပ၏အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏ စီးပွားရေးကို ပြန်လည်အသက်သွင်းနိုင်ရေးတို့အတွက် ယူရို(၅၀၀)ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၄၂ ဘီလီယံ)ရန်ပုံငွေကို အတည်ပြုခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း ပြုပြင်ပြောင်းလဲလိုက်သော Debt Brake အရ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း ကာကွယ်ရေးအတွက် စုစုပေါင်းယူရို(၃၇၈.၁)ဘီလီယံကို ချေးယူနိုင်တော့မည်ဖြစ် ကြောင်းနှင့်အမည်ခံ Debt Brake ကို ဖြေလျှော့ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် မှုအရ ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ်ကို အကန့်အသတ်မရှိခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဂျာမန်ပါလီမန်သည် ကိုဗစ် -၁၉ ကပ်ရောဂါနှင့် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကာလများအတွင်း မတ်လမတိုင်မီအထိ Debt Brake ကို ဆိုင်းငံ့ထားခဲ့ပါသည်။
၂၄-၆-၂၀၂၅ ရက် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းကို ဂျာမန်အောက်လွှတ်တော်(Bundestag)တွင် ဆွေးနွေးမိတ်ဆက်ရန်ရှိပြီး ဘတ်ဂျက်နောက်ဆုံးအတည်ပြုချက်မှာ စက်တင်ဘာလတွင် ထွက်ပေါ်လာနိုင်ကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွက် အစီအစဉ်များကိုမူ ၂၀၂၅ ခုနှစ်အကုန်တွင် Bundestag ၌မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ဇူလိုင်လနှောင်းပိုင်းတွင် အစိုးရအဖွဲ့မှ အပြည့်အဝသဘောတူရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုနှစ်ဘတ်ဂျက်သည် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သော National Elections ကြောင့် နှောင့်နှေးခဲ့ရပြီး၊ ကာကွယ်ရေးအသုံးစရိတ်ကိစ္စရပ်များအပြင် အခြေခံအဆောက်အအုံရန်ပုံငွေအတွက် ယူရို(၅၀၀)ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၈၀ ဘီလီယံ) သုံးစွဲနိုင်ရေးအတွက် ကြွေးမြီမူဝါဒအပြောင်းအလဲများပါဝင်သော အဓိကကျသည့်ဘဏ္ဍာရေးအစီအစဉ်တစ်ရပ်ကို ဂျာမန်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုများပြုလုပ် ပြီးမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
Source: https://www.dw.com/en/germany-updates-cabinet-to-sign-off-on-2025-draft-budget/live-73013207
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)