၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အစောပိုင်းဆန်ထွက်ရှိမှုသည် တန်ချိန် (၂၈.၅၂) သန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် တန်ချိန် (၃၄၀,၀၀၀) (သို့မဟုတ်) (၁.၂) ရာခိုင်နှုန်းတိုးလာကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
အစောပိုင်းဆန်၏ ပျမ်းမျှအထွက်နှုန်းသည် တစ်မို(၀.၀၆၇ ဟက်တာခန့်)လျှင် (၄၀၀.၈) ကီလိုဂရမ်ရှိပြီး (၄၀၀)ကီလိုဂရမ်ကို ပထမဆုံးအကြိမ်ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ စုစုပေါင်း စပါးစိုက်ဧရိယာအနေဖြင့် (၀.၃)ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သော်လည်း အထွက်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် (၁.၅) ရာခိုင်နှုန်းတိုးလာကြောင်း ဗျူရို၏အဆိုအရ သိရှိရပါသည်။
ရာသီဥတုကောင်းမွန်ခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနည်းခြင်းနှင့် အစောပိုင်းထွက်ရှိသည့်ဆန်လုံးရှည်အတွက် အနိမ့်ဆုံးဝယ်ယူသည့်စျေးနှုန်းမြင့်မားခြင်းနှင့် အဓိကစပါးထွက်ရှိသော စီရင်စုများအတွက် မက်လုံးပေးခြင်းများအပါအဝင် ထိရောက်သောမူဝါဒဆိုင်ရာပံ့ပိုးမှုများကြောင့် စပါးအထွက်နှုန်းကောင်းခြင်းဖြစ်သည်ဟု ဗျူရိုမှ တာဝန်ရှိသူ Wei Fenghua က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏နွေသီးနှံအထွက်နှုန်းတည်ငြိမ်မှုနှင့်ယခုနှစ်အစောပိုင်းဆန်ထုတ်လုပ် မှုတိုးတက်ခြင်းသည် နှစ်စဉ်စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်ပြီး ရှုပ်ထွေးပြီး စိန်ခေါ်မှုရှိသော ကမ္ဘာ့ပတ်ဝန်းကျင်တွင် စီးပွားရေးတိုးတက်မှုကို တည်တံ့ခိုင်မြဲစေကြောင်း Wei က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source: https://en.people.cn/n3/2025/0823/c90000-20356637.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)