တရုတ်နိုင်ငံ၏ သင်္ဘောကုမ္ပဏီကြီး COSCO သည် အင်ဒိုနီးရှားနိုင်ငံ ၊ Riau ကျွန်းစုရှိ Batam ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ Yangpu ဆိပ်ကမ်းသို့ တိုက်ရိုက်ပို့ဆောင်ပေးသည့် သင်္ဘောလမ်းကြောင်းသစ်တစ်ခုကို စတင်လိုက်ခြင်းသည် တရုတ်နှင့် အရှေ့ တောင်အာရှတို့အကြား ပင်လယ်ရေကြောင်းဆက်သွယ်မှုကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အခွင့်အလမ်းများစွာရှိသည့် Batam မြို့၌ ယခုကဲ့သို့ တိုက်ရိုက်သင်္ဘောပို့ဆောင်ရေးဝန်ဆောင်မှုအသစ်အား မိတ်ဆက်နိုင်ခြင်းကို ဂုဏ်ယူကြောင်း COSCO Shipping Lines Indonesia ၏ မန်နေးဂျင်း ဒါရိုက်တာ Wang Wei က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Batam နှင့် Yangpu တို့ကိုဆက်သွယ်ထားသည့်လမ်းကြောင်းသစ်သည် ဒေသတွင်းပို့ဆောင်ဆက်သွယ်ရေးအားကောင်းလာစေရန် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ တိုက်ရိုက်သင်္ဘာလမ်းကြောင်းသည် ပို့ဆောင်ချိန်ကိုတိုတောင်းစေမည်ဖြစ်ပြီး၊ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကို လျှော့ချပေးကာ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်မှုအတွက် လွယ်ကူအဆင်ပြေစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ဆုံရာတွင် တည်ရှိသည့် Batam ဆိပ်ကမ်းသည် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ "တိုးတက်မှုတြိဂံ"၏ဗဟိုချက်တွင် တည်ရှိကြောင်း၊ အင်ဒိုနီးရှား၏ အစောဆုံးစက်မှုဇုန်များအနက်မှ တစ်ခုဖြစ်သည့် Batam သည် အိမ်နီးချင်းကျွန်းနှစ်ကျွန်းနှင့်အတူ ၂၀၀၉ ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန်ကို ဖွဲ့စည်းခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ဈေးကွက်ဖွင့်လှစ်မှုအတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခုဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။
မကြာသေးမီနှစ်များအတွင်း Batamသည် အီလက်ထရွန်နစ်ပစ္စည်း၊ သင်္ဘောတည်ဆောက်မှု၊ ဆိုလာစွမ်းအင်သုံးပစ္စည်းများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့သုံးပစ္စည်းများထုတ်လုပ်ခြင်း စသည့်စက်မှုလုပ်ငန်းများတွင် အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးတက်လာစေခဲ့ကြောင်း၊ Batam ဆိပ်ကမ်းရှိ ကွန်တိန်နာဖြတ်သန်းမှုသည် ၂၀၂၄ ခုနှစ်တွင် ပေ(၂၀) ကွန်တိန်နာအလုံးရေ (၆၇၀,၀၀၀)ဝန်းကျင်ရှိခဲ့ကြောင်း သိရှိရပါသည်။
ယခင်က Batam ဆိပ်ကမ်းသည် ထရပ်ကားတွင်တပ်ဆင်ထားသည့် ကရိန်းများကဲ့သို့ အခြေခံပစ္စည်းများကို အဓိကအားကိုးခဲ့ရသော်လည်း လက်ရှိတွင် သင်္ဘော-ကမ်းလွန်ကရိန်းများ၊ gantry ကရိန်းများနှင့် straddle carriers များပါသည့် နိုင်ငံတကာအဆင့်မီကွန်တိန်နာဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ထားသည်ဟု Persero Batam ၏ဥက္ကဋ္ဌ ဒါရိုက်တာ Djoko Prasetyo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့အပြင် တိုက်ရိုက်သင်္ဘောပို့ဆောင်ရေးဝန်ဆောင်မှုများသည် ပြည်တွင်းစက်မှုလုပ်ငန်းများကို ပိုမိုတိုးတက်စေပြီး ကုန်ကျစရိတ်နှင့် အချိန်ကိုသက်သာစေမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယခုလမ်းကြောင်းသစ်သည် ကမ္ဘာတစ်ဝန်းသို့ natural fatty alcohols ထုတ်ကုန်များတင်ပို့ရောင်းချနေသည့် Batam ရှိ Ecogreen Oleo chemicals လုပ်ငန်းအတွက် အခွင့်အလမ်းသစ်များကို ယူဆောင်လာကြောင်း၊ တိုက်ရိုက်သင်္ဘောပို့ဆောင်ရေးလမ်းကြောင်းသည် ကုန်ကျ စရိတ်ကို သိသိသာသာလျှော့ချပေးပြီး စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးကြောင်းနှင့် တရုတ်နိုင်ငံသည် ၎င်းတို့ကုမ္ပဏီ၏ အဓိကစျေးကွက်များအနက်မှတစ်ခုဖြစ်၍ ယခုဝန်ဆောင်မှုအသစ်က ၎င်တို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေကြောင်း ကုမ္ပဏီ၏ဖြန့်ဖြူးရေးစင်တာမန်နေဂျာ Herny Lim မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Wang ၏ပြောကြားချက်အရ အဆိုပါလမ်းကြောင်းသစ်သည် အင်ဒိုနီးရှားနိုင်ငံရှိ Batam ဆိပ်ကမ်း၊ ဟိုင်နန်ကျွန်းရှိ Yangpu ဆိပ်ကမ်းနှင့် မလေးရှားရှိ Kota Kinabalu ဆိပ်ကမ်းတို့ကို သတ်မှတ်ထားသောအချိန် ဇယားအတိုင်းပြေးဆွဲမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းသစ်သည် မြောက်အမေရိကနှင့် တောင်အမေရိကတိုက်တို့နှင့် ချိတ်ဆက်ထားသော ပင်မသင်္ဘောလိုင်းဝန်ဆောင်မှုများနှင့် ဆက်လက်ချိတ်ဆက်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားမှ အမေရိကတိုက်သို့ အမြန်လမ်းကြောင်းတစ်ခု ဖန်တီးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုဝန်ဆောင်မှုအသစ်သည် တရုတ်-အင်ဒိုနီးရှားကုန်သွယ်မှုအတွက် ပေါင်းကူးတံတားတစ်ခု တည်ဆောက်ပေးရုံသာမက အာဆီယံ-တရုတ်ချိတ်ဆက်မှုကိုလည်း အားကောင်းစေမည်ဖြစ်၍ အပြန်အလှန်အကျိုးရှိသောအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း Wang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် မကြာသေးမီနှစ်များအတွင်း ပိုမိုအားကောင်းလာခဲ့ပြီး တရုတ်နိုင်ငံသည် အင်ဒိုနီးရှား၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ကာ အင်ဒိုနီးရှားရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဓိကနိုင်ငံများအနက်မှ တစ်ခုဖြစ်ကြောင်း၊ စွမ်းအင်သစ်၊ ကုန်ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအပါအဝင် ကဏ္ဍများစွာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါသင်္ဘောလမ်းကြောင်းသစ်ဖွင့်လှစ်လိုက်ခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း အသစ်တစ်ခုမျှသာမက တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်တစ်ခုကို ကိုယ်စားပြုကြောင်း သိရှိရပါသည်။
Source: https://en.people.cn/n3/2025/0823/c90000-20356681.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)