International News

ကုန်ပစ္စည်းအတုရောင်းချမှုအတွက် ယူအေအီးတွင် ဒဏ်ငွေ AED တစ်သန်းနှင့် ထောင်ဒဏ်ချမှတ်ခံရမည်

Last Updated:

ကုန်ပစ္စည်းအတုဈေးကွက်သည် အမေရိကန်ဒေါ်လာ ၂-၃ ထရီလီယံတန်ဖိုးရှိကြောင်း ခန့်မှန်းထားပြီး ကုမ္ပဏီများနှင့်တစ်ဦးချင်းအပေါ်တွင်သက်ရောက်မှုရှိကာ အထူးသဖြင့် ကုန်သွယ်မှုအချက်အချာကျသောနိုင်ငံများအတွက် ကုန်ပစ္စည်းအတုများသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။

ယူအေအီးနိုင်ငံသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသော ကုန်ပစ္စည်းများကို နိုင်ငံတွင်းသို့ တင်သွင်းလျက်ရှိပြီး နှစ်စဉ်ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့ခြင်းနှင့် ပြန်လည်တင်ပို့ခြင်းများကို ဆောင်ရွက်လျက်ရှိကာ နိုင်ငံအတွင်းသို့ ကုန်ပစ္စည်းအတုများမ၀င်ရောက်စေရေးအတွက် တင်းကျပ်သောအစီအမံများနှင့် ဥပဒေများဖြင့် အစိုးရက ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါသည်။

ယူအေအီးနိုင်ငံတွင် ကုန်ပစ္စည်းအတုများနှင့် ၎င်းတို့အားတွေ့ရှိမှုအခြေအနေများနှင့်ပတ်သက်သည့် အချက်အလက်များကို ယူအေအီးနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးအမှုအခင်းဌာနသို့ တိုင်ကြားရန်မှာ နိုင်ငံတွင်းနေထိုင်သူများ၏ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ်ပင်ဖြစ်ကြောင်း Galadari ရှေ့နေများနှင့် ဥပဒေရေးရာအတိုင်ပင်ခံများအဖွဲ့မှ အကြီးတန်းတွဲဖက်အရာရှိဖြစ်သူ Mahmood Shakir Al Mashhadani မှ ပြောကြားခဲ့ပါသည်။

ဂိုဒေါင်များ သို့မဟုတ် ကွန်တိန်နာများတွင် ကုန်ပစ္စည်းအတုအမြောက်အမြားကိုတွေ့ရှိပါက ကုန်ပစ္စည်းများကိုဖမ်းဆီးပြီး အစိုးရသိုလှောင်ရုံသို့ ရွှေ့ပြောင်းသိမ်းဆည်းသွားမည်ဖြစ်ပါသည်။

စွဲချက်တင်ထားသည့်ပစ္စည်းပိုင်ရှင်သည် သိမ်းဆည်းရမိသည့် ကုန်ပစ္စည်းများသိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့်ဖျက်သိမ်းခြင်းဆိုင်ရာကုန်ကျစရိတ်များအတွက် တာဝန်ယူကျခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ အယူခံဝင်သူများသည် အရပ်ဘက်တရား စွဲဆိုမှုများအတွက် နစ်နာမှုရှိပါက ပြစ်မှုဆိုင်ရာ အပြီးသတ်စီရင်ချက်ချပြီးသည်နှင့် လျော်ကြေးငွေများကို တောင်းခံပိုင်ခွင့်ရှိကြောင်းကိုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် အချို့ကိစ္စများတွင် တရားရုံးမှခန့်အပ်ထားသော ကျွမ်းကျင်သူသည် နစ်နာဆုံးရှုံးမှုများကို ခန့်မှန်းတွက်ချက်နိုင်ပြီး ၎င်း၏အကြံပြုအစီရင်ခံစာသည် ပျက်စီးဆုံးရှုံးမှုအတွက် တောင်းဆိုမှုများကို အထောက်အကူပေးနိုင်ကြောင်းနှင့် စွပ်စွဲခံရသူသည်လည်း ပြင်ပပညာရှင်နှင့် ၎င်း၏ကိုယ်ပိုင်အစီရင်ခံစာကို ရေးသားပြီး တရားရုံးသို့ တင်ပြနိုင်ကြောင်း ဖော်ပြထားပါသည်။

ကုန်ပစ္စည်းအတုများလက်ဝယ်ရောင်းချခြင်းအတွက် ပြစ်ဒဏ်သည် ဒဏ်ငွေပေးဆောင်စေခြင်း၊ ပစ္စည်းကိုသိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ထောင်ဒဏ်ကျခံစေခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းများပါဝင်ပြီး တရားရုံး၏ဆုံးဖြတ်ချက်အတိုင်းဖြစ်ကြောင်း Al Mashhadani က ပြောကြားခဲ့ပါသည်။

2021 ခုနှစ် ပြည်ထောင်စုကုန်အမှတ်တံဆိပ်ဥပဒေအမှတ် 36 ၏ပုဒ်မ 49 အရ ထောင်ဒဏ်နှင့်ဒဏ်ငွေ AED တစ်သိန်းထက်မနည်းစေဘဲ တစ်သန်းထက်မပိုစေသည့် ဒဏ်ငွေချမှတ်ခြင်း သို့မဟုတ် အဆိုပါပြစ်ဒဏ်နှစ်ရပ်လုံးကျခံစေခြင်းစသည့် ပြင်းထန်သောပြစ်ဒဏ်များကို ချမှတ်ထားကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါအမိန့်-ဥပဒေပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်ထားသောကုန်အမှတ်တံဆိပ်ကို အတုပြုလုပ်ခြင်း သို့မဟုတ် မူလအမှတ်တံဆိပ်ဖြင့် ခွဲခြား သတ်မှတ်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အများပြည်သူကို စိတ်ကိုရှုပ်ထွေးဒွိဟဖြစ်စေမည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အတုအပပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ၎င်းပြစ်ဒဏ်များကို ကျခံရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဖောက်ဖျက်ကျူးလွန်သူများသည် ကုန်အမှတ်တံဆိပ်အတု သို့မဟုတ် အတုအပကုန်ပစ္စည်းများ သို့မဟုတ် အတုအပအမှတ်တံဆိပ်ပါရှိသည့် ကုန်ပစ္စည်းများအား စီးပွားဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် သိလျက်နှင့်တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းတို့ကြောင့်လည်း ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပါသည်။

စွပ်စွဲခံရသူသည် ကုန်ပစ္စည်းအတု၏သဘောသဘာဝနှင့်ပတ်သက်၍ အသိပညာမရှိခြင်း သို့မဟုတ် တင်ပို့သူအား အသိပေးအကြောင်းကြားခြင်းများအတွက် အထောက်အထားများတင်ပြရန် တာဝန်ရှိကြောင်းကိုလည်း အယ်လ်မာရှဒါနီက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့်ပတ်သက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကုန်ပစ္စည်းဝန်ဆောင်မှုများနှင့်ပတ်သက်သည့်ကိစ္စရပ်များကြောင့် ဝယ်ယူသူများနစ်နာမှုမရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

အရင်းအမြစ်   -         khaeejtimes.com

(ဦးနန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News