International News

တောင်ကိုရီးယားနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များသည်  သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့်  အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုများ၏ အရေးပါမှုကို ပိုမိုတန်ဖိုးထားလာကြ

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ အသက် ၁၇ နှစ်နှင့် ၂၈ နှစ်အကြား မျိုးဆက်သစ်လူငယ်များသည် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုများ (Environmental, Social and Corporate Governance- ESG)၏အရေးပါမှုကို ပိုမိုတန်ဖိုးထားလာကြကြောင်း ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(Korea Chamber of Commerce and Industry-KCCI)၏ စစ်တမ်းကောက်ယူမှုရလဒ်တွင် ဖော်ပြထားပါသည်။

ပလတ်စတစ်ထုပ်ပိုးပစ္စည်းများ အသုံးပြုမှုလျှော့ချထားသည့်ကုန်စည်ဖြစ်ပါက အဆိုပါကုန်စည်၏ ဈေးနှုန်းသည် အခြားအမျိုးအစားတူ ကုန်စည်တစ်ခု၏ဈေးနှုန်းထက် အနည်းငယ်ပိုမိုနေသည့်တိုင်အောင်ဝယ်ယူကြကြောင်း၊အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသည့် ကုမ္ပဏီများကို အားပေးလိုကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် ထုပ်ပိုးမှုဖြင့် ရောင်းချသည့်ကုမ္ပဏီများကို လူသိများလာစေရန် ကြေညာပေးခြင်းများလည်း ဆောင်ရွက်ကြကြောင်း လူငယ်အချို့က စစ်တမ်းကောက်ယူစဉ်တွင် ပြောကြားခဲ့ပါသည်။

အထူးသဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် လေထုညစ်ညမ်းစေခဲ့သည့်သမိုင်း ကြောင်းများနှင့် နာမည်ဆိုးများရှိခဲ့ဖူးသော နာမည်ကြီးအမှတ်တံဆိပ်ရှိကုမ္ပဏီများ၊ လူမျိုးရေးဆိုင်ရာထိခိုက်ခံစားရမှု ဖြစ်စေသောကြော်ငြာကြောင့် လူထုကိုဒေါသဖြစ်စေခဲ့သည့်ကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်စည် များကို  ဝယ်ယူမှုရပ်နားလိုက်သည့် လူငယ်များလည်းရှိနေပါကြောင်း၊ အထူးသဖြင့် လူ့အခွင့်အရေးကို ထိခိုက်မှုရှိစေသည့်အချက်အလက်များကို သတိမမူသည့်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ပစ္စည်းများ၏ အရည်အသွေးကို မည်မျှပင်နှစ်သက်သည်ဖြစ်စေ ထောက်ခံအားပေးလိုစိတ်မရှိကြောင်း လူငယ်အချို့က ပြောကြားကြသည်ကို စစ်တမ်းအား ကိုးကား၍ KCCI ရှိ ရေရှည်တည်တံ့ခိုင်မြဲသော စီမံခန့်ခွဲမှုကို ဦးဆောင်သည့်အမှုဆောင်ညွှန်ကြားရေးမှူး Mr. Cho Young-jun က ပြောကြားခဲ့ပါသည်။

ရွေးချယ်စရာများစွာရှိနေသည့် ယနေ့ခေတ်တွင် မိမိတန်ဖိုးထားသည့်အရာနှင့် မိမိယုံကြည်မှုအပေါ်အခြေခံ၍ ရွေးချယ်ဝယ်ယူမှုပြုခြင်းသည် လူငယ်များအကြား ရေပန်းစားနေပါသည်။ အထူးသဖြင့် စားသုံးသူများသည် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကုမ္ပဏီတစ်ခု၏ စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းများ(Environ mental, Social and Corporate Governance-ESG)အပေါ် ပိုမိုအလေးထားလာကြသည်ကို KCCI ၏ စစ်တမ်းကောက်ယူမှုရလဒ်တွင် ဖော်ပြထားပါသည်။

KCCI ၏ စစ်တမ်းကောက်ယူမှုရလဒ်တွင် ပလတ်စတစ်အလွန်အကျွံအသုံးပြုမှု၊ လုပ်ငန်းခွင်အတွင်း အားလုံးပါဝင်နိုင်ခြင်းရှိစေရန် ဆောင်ရွက်ထားမှုမရှိသော၊ ESG ဆိုင်ရာ အရေးတကြီးဖြေရှင်းရမည့် ပြဿနာများကို ဖြေရှင်းရန်သက်ဆိုင်သည့်သူ များအားလုံးနှင့် ဆွေးနွေးညှိနှိုင်းမှုမရှိ သောကုမ္ပဏီများမှ ထုတ်လုပ်သည့်ကုန်စည်များကို ဝယ်ယူလိုခြင်းမရှိကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ESG ဆိုင်ရာ ဦးစီးဦးဆောင်ပြုဆောင်ရွက်နေသည့်ကုမ္ပဏီများက ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရိုးသားမှုမရှိဘဲ ချဲ့ကားပြောခြင်း၊ မှားယွင်းကြေညာခြင်းများပြုလုပ်နိုင်သည့်အခြေအနေများ(Greenwashing) အပေါ်တွင်လည်း လူငယ်များက စိုးရိမ်မှုများရှိနေကြသည်ကို စစ်တမ်းတွင်ဖော်ပြထားပါသည်။

ကုန်စည်ရွေးချယ်မှုသာမက လုပ်ငန်းခွင်ဝင်ရောက်ရာတွင်လည်း ESG ဆိုင်ရာစီမံခန့်ခွဲမှု အားကောင်း သည့်ကုမ္ပဏီများတွင်သာ ဝင်ရောက်လိုကြပြီး ယင်းသို့သောကုမ္ပဏီများသို့ ရွေးချယ်လျှောက်ထားကြ ပါကြောင်း၊ သို့ဖြစ်၍ အနာဂတ်စီးပွားရေးတွင် နိုင်ငံ၏ကျောထောက်နောက်ခံဖြစ်သည့် မျိုးဆက်သစ် လူငယ်များ၏တန်ဖိုးထားမှုဖြစ်သည့် “ရေရှည်တည်တံ့ခိုင်မြဲသောစီမံခန့်ခွဲမှု(Sustainable Management)” ကို လစ်လျူရှုမိပါက ရေရှည်အောင်မြင်နိုင်ရေးအတွက်အန္တရာယ်ရှိပါကြောင်း၊ စစ်မှန်သည့် ESG ဆိုင်ရာ ကတိကဝတ်များပေးနိုင်မှုသည် အဓိကကျသည့်အတွက် KCCI အနေဖြင့် “လူငယ်များ၏စိုးရိမ်ပူပန်မှုများကို ဖော်ပြနေသည့်စိန်ခေါ်မှုများကို ဖြေရှင်းရန် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာစေမည့်စီမံကိန်းများနှင့် လူမှုတန်ဖိုးကိုမြှင့်တင်ပေးခြင်းကဲ့သို့သောစီမံကိန်းများ”ကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KCCI ရှိ ရေရှည်တည်တံ့ခိုင်မြဲသောစီမံခန့်ခွဲမှုကို ဦးဆောင်သည့် အမှုဆောင်ညွှန်ကြားရေးမှူး Mr. Cho Young- jun က ပြောကြားခဲ့ပါသည်။

Source: Korea Times

https://www.koreatimes.co.kr/economy/others/20250807/gen-z-drives-value-based-consumption-amid-growing-esg-awareness

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News