Xinhua News Agency နှင့် Baltic Exchange တို့မှ ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာသင်္ဘောစင်တာဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းအရ ကမ္ဘာ့ရေကြောင်း အချက်အချာအဖြစ် ကမ္ဘာတစ်ဝှမ်း၌ ပဉ္စမမြောက်နှင့် အာရပ်ဒေသတွင် ပထမအဆင့်သို့ ဒူဘိုင်းပြည်နယ်မှရောက်ရှိခဲ့ပြီး ၎င်း၏အဆင့်အတန်းကို ခိုင်မြဲစေခဲ့ပါ သည်။
အဆိုပါအညွှန်းကိန်းအစီရင်ခံစာတွင် ဒူဘိုင်းသည် ၎င်း၏ကျယ်ပြန့်သော ဂေဟစနစ်နှင့် ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံများကို မီးမောင်းထိုးဖော်ပြထားကာ “အရှေ့အလယ်ပိုင်းဒေသ ရေကြောင်းကဏ္ဍ၏ ရတနာသရဖူ”ဟု ညွှန်းဆိုထား ခဲ့ပါသည်။
ဒူဘိုင်းရေကြောင်းအာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Sheikh Dr. Saeed bin Ahmed bin Khalifa Al Maktoum က အဆိုပါအသိအမှတ်ပြုမှုသည် ဒူဘိုင်းပြည်နယ်၏ ခေါင်းဆောင်မှုအမြင်နှင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍမိတ်ဖက်များအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့ကာ ပြည်နယ်၏ ရေကြောင်းစီးပွားရေး ပတ်ဝန်းကျင်အား ပိုမိုခိုင်မာအားကောင်းစေရန်ဆန်းသစ်တီထွင်မှု၊ရေရှည်တည်တံ့မှုနှင့် စည်းမျဉ်းစည်းကမ်းများ ကောင်းမွန်စေရန်ဆောင်ရွက်လျက်ရှိသည့် ဒူဘိုင်း၏ကတိကဝတ်အပေါ် ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်ပါသည်။
ရေကြောင်းသွားလာခြင်း၊ သင်္ဘောတည်ဆောက်ခြင်း၊ သင်္ဘောပြုပြင်ခြင်းနှင့် ကမ္ဘာ့ရေကြောင်းပို့ဆောင်မှုလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်း၏ကြီးထွားလာသောစွမ်းရည်များအပါအဝင် ဒူဘိုင်းပြည်နယ်၏ကျယ်ပြန့်သောဝန်ဆောင် မှုများအား အဆိုပါအစီရင်ခံစာက ချီးကျူးဖော်ပြခဲ့ပါသည်။ ၎င်းသည် ဒူဘိုင်းစီးပွား ရေးအစီအစဉ် D33 နှင့် လိုက်လျောညီထွေဖြစ်စေသည့် ဒူဘိုင်းရေကြောင်းပို့ဆောင် ရေးစီမံကိန်း ၂၀၃၀ ကို မီးမောင်းထိုးပြလျက်ရှိပြီး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး အသုံးပြုမှုအား ချဲ့ထွင်ရန်၊ အခြေခံအဆောက်အဦများကို မြှင့်တင်ရန်နှင့် ဒူဘိုင်းရေကြောင်းသွားလာရေး မြို့ကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
DP World သင်္ဘောပို့ဆောင်ရေးလုပ်ငန်းမှ စီမံဆောင်ရွက်လျှက်ရှိသည့် Jebel Ali ဆိပ်ကမ်းကို ဒေသတွင်းအချက်အချာကျသော နေရာတစ်ခုအဖြစ် ၎င်း၏မဟာ ဗျူဟာမြောက်အခန်းကဏ္ဍအတွက် ရွေးချယ်ထားပါသည်။ အဆိုပါဆိပ်ကမ်းသည် ၂၀၂၄ ခုနှစ်အတွင်း ပေ ၂၀ ကုန်တင်သေတ္တာ(TEU)ပေါင်း ၁၅.၅ သန်းကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ၎င်း၏ အမြင့်ဆုံးပမာဏ ဖြစ်လာခဲ့ကာ DP World ၏ကမ္ဘာလုံးဆိုင်ရာသွင်းအားစု ၁၈ % အထိရောက်ရှိခဲ့ပါသည်။ ဇီဝလောင်စာဆီပံ့ပိုးမှု၊ နေရောင်ခြည်စွမ်းအင်အသုံးပြုမှုနှင့် လျှပ်စစ်ကားများသုံးစွဲမှုကဲ့သို့သော ရေရှည်တည်တံ့နိုင်မှုအစီအမံများသည် နှစ်စဉ် CO₂ တန်ချိန် ၂၀၀၀ ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်ခဲ့ပါသည်။
ဒူဘိုင်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကပ္ပတိန် Ibrahim Al Blooshi က အဆိုပါအောင်မြင်မှုသည် ဒူဘိုင်း၏ခံနိုင်ရည်ရှိမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များအတွက် ၎င်းတို့၏ကတိကဝတ်ကို အလေးပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာမှာစီးပွားရေးအကျပ်အတည်းများဖြစ်ပေါ်လျက်ရှိနေသော်လည်း ဒူဘိုင်း၏စီးပွားရေးအစီအစဉ် ၏ပန်းတိုင်များအားမြှင့်တင်ရာတွင် ဒူဘိုင်းပြည်နယ်၏ ဆိပ်ကမ်းသုံးခုဖြစ်သည့် Jebel Ali ဆိပ်ကမ်း၊ Port Rashid ဆိပ်ကမ်းနှင့် Hamriyah ဆိပ်ကမ်းများ၏ အခန်းကဏ္ဍအပေါ် အလေးပေးဖော်ပြခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)