International News

CEPA သဘောတူညီချက်မှ ကုန်သွယ်မှုစံချိန်တင်တိုးတက်စေရန် တွန်းအားပေးသည့်အတွက် အိန္ဒိယနှင့်ယူအေအီးနိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာ

Last Updated:

အိန္ဒိယနှင့်ယူအေအီးနိုင်ငံတို့သည် ၁၅.၉.၂၀၂၅ ရက်နေ့၌ ဒူဘိုင်းမှာပြုလုပ်သည့် အဆင့်မြင့်အစည်းအဝေးတွင် ၎င်းတို့၏စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပြတ်သားစွာရှေ့ဆက်လှမ်းခဲ့ကြပြီး နှစ်နိုင်ငံစလုံးမှ ထိပ်တန်းအရာရှိများနှင့် စီးပွား ရေးလုပ်ငန်းဦးဆောင်သူများက ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)၏ အောင်မြင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုကို မီးမောင်းထိုးဖော်ပြခဲ့ကြပါသည်။

ယူအေအီး - အိန္ဒိယစီးပွားရေး လုပ်ငန်းကောင်စီ - ယူအေအီးအခန်းကဏ္ဍ(UIBC-UC)မှကြီးမှူးကျင်းပသော တံခါးပိတ်အစည်းအဝေးသို့ ယူအေအီးနိုင်ငံခြားကုန်သွယ်မှုဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi နှင့် အိန္ဒိယကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal တို့တက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့တက်ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံအစိုးရနှစ်ရပ်စလုံး၏ စီးပွားရေးဆက်ဆံမှုခိုင်မာစေရန်အတွက် မဟာဗျူဟာမြောက်သည့် ဦးစားပေးမှုဖြစ်ကြောင်း အလေး ပေးဖော်ပြခဲ့ပါသည်။

အစည်းအဝေးတွင် CEPA အကောင်အထည်ဖော်မှုမှစတင်၍ အသွင်ကူးပြောင်းအကျိုးသက်ရောက်မှုများအပေါ် အဓိကထား၍ ဆွေးနွေးခဲ့ကြပါသည်။၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း နှစ်နိုင်ငံအကြား ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇.၆ ဘီလီယံအထိမြင့်တက်လာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၃.၉ % တိုးမြင့်လာခဲ့ပါသည်။ ကုန်သွယ်မှုပမာဏများအပြင် အဆိုပါစာချုပ်သည် ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ တယ်လီကွန်း၊ မြစိမ်းရောင်စွမ်းအင်နှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကဲ့သို့သော ကဏ္ဍများတွင်လည်း တိုးတက်မှုအပေါ် တွန်းအားပေးနိုင်ခဲ့ပါသည်။

အဆိုပါ CEPA သဘောတူညီချက်သည် ဉာဏ်ရည်တု၊ အာကာသနည်းပညာ၊ ရေရှည်တည်တံ့မှုနှင့် ငွေကြေးပေါင်းစပ်မှုကဏ္ဍများတွင်လည်း လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန်၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများကို အားကောင်းလာစေရန်နှင့် ၎င်းတို့၏ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်လက်လှမ်းမီမှုအား ချဲ့ထွင်နိုင်ရန်အတွက် ၎င်း CEPA ကိုအသုံးချမှုဖြင့် အခြေခံကဏ္ဍအဆင့်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှုပ်နှံထားရှိပါသည်။

အစည်းအဝေးတွင် UIBC-UC က ၎င်းတို့၏ သုတေသနစာတမ်းအသစ်ဖြစ်သည့် ပေါင်းစပ်အင်အား - အိန္ဒိယ - ယူအေအီး CEPA မှ ကမ္ဘာလုံးဆိုင်ရာ အလားအလာများကို သော့ဖွင့်ပေးခြင်းစာတမ်းဖြင့် စတင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလေ့လာမှုတွင် CEPA ကို ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုထက် ပို၍သဘောထားရှိကာ ၎င်းအား ဆန်းသစ်တီထွင်မှုဖြင့် ဦးဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အသေးစိတ်ပုံစံတစ်ခုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပုံစံတစ်ခုအဖြစ် ဖော်ပြထားရှိပါသည်။

အဆိုပါအစီရင်ခံစာတွင် သန့်ရှင်းသောစွမ်းအင်၊ ပညာရေး၊ သုတေသန၊ ဒစ်ဂျစ်တယ်ပေါင်းစည်းမှုနှင့်လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတို့တွင် ပိုမိုနက်ရှိုင်းစွာထိတွေ့ဆက်ဆံရန်၊ အိန္ဒိယနှင့်ယူအေအီးနိုင်ငံတို့၏ မျှဝေထားသောအမြင်ကို အားဖြည့်ပေးသည့်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအုပ်ချုပ်မှုနှင့် ရေရှည်တည်တံ့သောတိုးတက်မှုတို့အပေါ် ပုံဖော်ရန်အတွက် ဖော်ပြတောင်းဆိုထားကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News