၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အွန်လိုင်းမှတဆင့် ပို့ကုန်/သွင်းကုန်လိုင်စင်ခွင့်ပြုမိန့်များချပေးမှုလုပ်ငန်းစဉ်သည် ၂၀၂၄ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉% မြင့်တက်ခဲ့ပါကြောင်းဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလမှ စက်တင်ဘာလအထိ Integrated Registration Information System(IRegIS)မှတဆင့် လိုင်စင်ထုတ်ပေးခဲ့မှု(၃၉, ၉၉၇)ရှိခဲ့ပါကြောင်း၊ ယခုဆိုလျှင် အဆိုပါ IRegIS စနစ်အား နိုင်ငံတစ်ဝှမ်းလုံးတွင် အပြည့်အဝရာနှုန်းပြည့်အသုံးပြုနိုင်ပြီဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူမြန်ဆန်စေပါကြောင်း ဖော်ပြပါရှိပါသည်။
IRegIS စနစ်ကို အချိန်နှင့်တပြေးညီ လိုင်စင်ခွင့်ပြုမိန့်များချပေးနိုင်ရန် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု လွယ်ကူအဆင်ပြေချောမွေ့စေရေး(Ease of Doing Business) ၏အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။ စားသုံးသူအကာအကွယ်ပေးရေးကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်စေရန် ဆောင်ရွက်ပေးခြင်းတစ်မျိုးလည်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ၉ လတာကာလအတွင်း စားသုံးသူများ၏တိုင်ကြားချက်ပေါင်း ၃၃,၇၂၅ ခုအတွက်လည်း ဖြေရှင်းပေးခဲ့ပါသည်။ e-commerce ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အွန်လိုင်းမှရောင်းချသည့် ကုန်ပစ္စည်းပေါင်း ၂၀၄,၂၅၅ ခုကို စစ်ဆေးမှုများပြုလုပ်ပေးနိုင်ခဲ့ပြီး စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းအတုများ၊ အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများဝယ်ယူမိမည့်အခြေအနေမှ အကာအကွယ်ပေးနိုင်စေရန်အတွက်လည်းဖြစ်ပါသည်။
စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းအမျိုးပေါင်း ၅၄၁,၂၃၅ ခုကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ပီဆို ၁၃၀.၈ သန်း(အမေရိကန် ဒေါ်လာ ၂.၂ သန်းခန့်)ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့် ပမာဏသည် ၆၂% ထိ ကျဆင်းသဖြင့် စက်မှုလုပ်ငန်းရှင်းများနှင့် လက်လီရောင်းချနေသူများသည် သာတူညီမျှသောကုန်သွယ်မှုများဖြစ်စေရန် လိုက်နာဆောင်ရွက်မှု အားကောင်းလာ ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်ဟု ဖော်ပြပါရှိပါသည်။ ထို့ပြင် ဈေးကွက်စောင့်ကြည့်မှုလုပ်ငန်းစဉ်ပေါင်း ၇,၅၅၈ ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက ၃၁% မြင့်တက်ခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။
Source: https://www.philstar.com/business/2025/11/23/2489129/dti-online-system-boosts-permit-processing-
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)