International News

ဖိလစ်ပိုင်နိုင်ငံပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ အမေရိကန်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ရရှိမှုအခြေအနေကို တိုက်ဆိုင်စစ်ဆေးလို

Last Updated:

ဖိလစ်ပိုင်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့သင်္ဘောတင်ပို့ခဲ့သည့် စိုက်ပျိုးရေထွက်ကုန်ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့်ပေးခဲ့မှုအခြေအနေကို အမေရိကန်သွင်းကုန်ကုမ္ပဏီများနှင့် ဆွေးနွေးသွားရန် လိုအပ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပို့ကုန်လုပ်ငန်းရှင်များသို့ ပြောကြားခဲ့ပါသည်။ ၁၄-၁၁-၂၀၂၅ ရက်နေ့က အမေရိကန်မှ ထုတ်ပြန်ခဲ့သည့်အမိန့်စာအရ ဖိလစ်ပိုင်နိုင်ငံမှ တင်ပို့မည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဖြစ်သော အုန်းသီးအခြေခံကုန်စည်များ၊ ငှက်ပျောသီး၊ နာနတ်သီး၊ သစ်သီးခြောက်များနှင့်ကော်ဖီတို့အပေါ် မူလက သတ်မှတ်ခဲ့သည့် သွင်းကုန်ခွန် ၁၉% ကို ဖယ်ရှားပေးခဲ့ပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါ သည်။

အမေရိကန်နိုင်ငံသို့ ၁၃-၁၁-၂၀၂၅ ရက်နေ့ ၁၂:၀၁(နံနက်ပိုင်း)ချိန်မှ စတင်ဝင်ရောက်ခဲ့သည့် ဖိလစ်ပိုင်စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအနေဖြင့် နောက်ဆုံးထုတ်ပြန်ပေးခဲ့သည့် အခွန်ကင်းလွတ်ခွင့်အား ရရှိပါမည်။ အကယ်၍ အခွန်ပေးဆောင်ထားပြီးဖြစ်ပါက အမိန့်ကြေငြာစာအာဏာသက်ဝင်သည့် နေ့ရက်နောက်ပိုင်းရက်များအတွက် အခွန်ပြန်အမ်းငွေအား အမေရိကန်စံနှုန်းဥပဒေများ၊ အမေရိကန်အကောက်ခွန်ဌာန၏ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ်သွားမည်ဖြစ် ကြောင်းကိုလည်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့သည့် ပမာဏကို အခြေခံပါက ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ပမာဏအပေါ် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၂၄ ခုနှစ် သင်္ဘောတင်ပို့မှုများအရ ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်သို့ စုစုပေါင်းတင်ပို့ခဲ့သည့် စက်မှုကုန်ပစ္စည်းများ ၏ ၄၆% အတွက် သွင်းကုန်ခွန် ၁၉ % အခွန်ကင်းလွတ်ခွင့်ရရှိသွားမည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံအပေါ် ဩဂုတ်လမှစတင် ၍ သွင်းကုန်ခွန် ၁၉% ကောက်ခံသွားရန် မူလက သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News