International News

ကမ္ဘာ့စီးပွားရေးဖိုရမ်၌ သမ္မတထရမ့်ပြောကြားခဲ့သည့် အမေရိကန်နိုင်ငံသာယာ ဝပြောရေးနှင့် အတ္တလန်တိတ်သမုဒ္ဒရာအင်အားတို့နှင့်ပတ်သက်သည့်မျှော်မှန်းချက်

Last Updated:

အမေရိကန်သမ္မတထရမ့်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ပြုလုပ်လျက်ရှိသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum, WEF)၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် အမေရိကန်နိုင်ငံသာယာဝပြောရေးနှင့် အတ္တလန်တိတ်သမုဒ္ဒရာအင်အားတို့နှင့်ပတ်သက်သည့် မျှော်မှန်းချက်ကို ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါ သည်။

အမေရိကန်နိုင်ငံသားများအတွက် ဈေးနှုန်းများလျော့ကျစေရေး ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့်ပတ်သက်၍ သမ္မတထရမ့်က “အိမ်ပိုင်ဆိုင်မှုသည် အမေရိကန်လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်သည့်လက္ခဏာတစ်ရပ်ဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင် အိမ်ပိုင်ဆိုင်မှုသည် အမေရိကန်နိုင်ငံသားသန်းပေါင်းများစွာအတွက် လက်လှမ်းမမီသည့်ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ကြောင်း၊ အိမ်များကို လူများအတွက်သာဆောက်လုပ်ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံသည် အိမ်ငှားရမ်းနေထိုင်သူများဖြင့် တည်ဆောက်သည့်နိုင်ငံမဟုတ်ကြောင်း၊ ထို့ကြောင့် လုံးချင်းအိမ်များကို စီးပွားရေးလုပ်ငန်းများက ဝယ်ယူခြင်းအား တားမြစ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်သို့လည်း ယင်းသို့တားမြစ်ခြင်းကို ဥပဒေအဖြစ်ပြဋ္ဌာန်းရန် တောင်းဆိုထားကြောင်း၊ အတိုးနှုန်းလျော့ကျစေရန် အတွက် အစိုးရကကျောထောက်နောက်ခံပြုထားသည့်အဖွဲ့အစည်းများကို အမေရိကန်ဒေါ်လာ(၂၀၀)ဘီလီယံအထိတန်ဖိုးရှိ အိမ်ပေါင်ငွေတိုက်စာချုပ်များဝယ်ယူရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခင်ရက်သတ္တပတ်အတွင်း အိမ်ပေါင်စာချုပ်ချေးငွေအတိုးနှုန်းသည် (၆)ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့ပါကြောင်း၊ အကြွေးဝယ်ကဒ်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံသားများအပေါ် အတိုးနှုန်း(၂၈) ရာခိုင်နှုန်းအထိယူထားပြီး ၎င်းတို့၏အမြတ်သည် (၅၀)ရာခိုင်နှုန်းထက်ကျော်လွန်လျက်ရှိကြောင်း၊(၁)နှစ်တာကာလအထိ အကြွေးဝယ်ကဒ်အတိုးနှုန်းကို (၁၀)ရာခိုင် နှုန်းအများဆုံးသတ်မှတ်ရန် လွှတ်တော်သို့ တောင်းဆိုထားကြောင်း၊ အမေရိကန်နိုင်ငံသည် ခရစ်တိုငွေကြေးမြို့တော်ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိပြီး လွှတ်တော်ကလည်း ယင်းကိစ္စရပ်အပေါ် အလေးထားဆောင်ရွက်လျက်ရှိရာ မကြာမီဥပဒေအဖြစ် လက်မှတ်ရေးထိုးနိုင်မည်ဟု ယူဆကြောင်းနှင့် အမေရိကန်နိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုသို့ရောက်ရှိနိုင်မည့် လမ်းကြောင်းတစ်ရပ်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတထရမ့်အစိုးရသက်တမ်း(၁)နှစ်တာအတွင်း စီးပွားရေးကဏ္ဍအောင်မြင်မှုများနှင့်ပတ်သက်၍ “ယခင်အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံ၏စီးပွားရေးသည် ကျဆင်းလျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုမြင့်မားကာ တိုးတက်မှုနှေးကွေးခဲ့ကြောင်း၊ယခုအခါငွေကြေးဖောင်းပွမှုမရှိတော့ဘဲ စီးပွားရေးတိုးနှုန်းလည်းမြင့်တက် လာကြောင်း၊ အစိုးရသက်တမ်း(၁)နှစ်တာအတွင်း လအလိုက် ကုန်သွယ်ရေးလိုငွေကို (၇၇)ရာခိုင်နှုန်းအထိ ငွေကြေးဖောင်းပွမှုမဖြစ်စေဘဲ လျှော့ချနိုင်ခဲ့ကြောင်း၊ သမ္မတထရမ့်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် အမေရိကန်နိုင်ငံသည် စွမ်းအင်ကဏ္ဍကပ်ဘေးဆိုက်မည့်အခြေနေကို ရှောင်ရှားနိုင်ခဲ့ကြောင်း၊ သမ္မတထရမ့်၏ဦးဆောင်မှုအောက်တွင်အမေရိကန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုပမာဏသည် အမြင့်ဆုံးဖြစ်ခဲ့ပြီး အမေရိကန်ရေနံထုတ်လုပ်မှုကိုလည်း တစ်ရက်လျှင်စည်ပေါင်း (၇၃၀,၀၀၀)အထိတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ပြည်နယ်အများအပြားတွင် ဓာတ်ဆီတစ်ဂါလံဈေးနှုန်းသည် (၂.၅၀)ဒေါ်လာ(နှစ်ဒေါ်လာနှင့် ငါးဆယ်ဆင့်) အောက်သာရှိတော့ကြောင်း၊ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း(၂၇၀,၀၀၀)ကို အလုပ် မှဖယ်ရှားခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အများဆုံးဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အစိုးရအသုံးစရိတ် အမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအထိလျှော့ချခဲ့ပြီး ဖက်ဒရယ်အစိုးရဘတ်ဂျက်လိုငွေသည် (၂၇)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်သမိုင်းကြောင်း တစ်လျှောက်အကြီးမားဆုံးအခွန် လျှော့ချမှုဖြစ်သည့်အချိန်ပိုကြေးမေတ္တာကြေးနှင့်သက်ကြီးရွယ်အိုများအတွက် လူမှု ဖူလုံရေးရငွေအပေါ် အခွန်ကောက်ခံမှုမပြုကြောင်း ပြဋ္ဌာန်းခဲ့ပါကြောင်း”ဖြင့် သမ္မတထရမ့်က ပြောကြားခဲ့ပါသည်။

ထို့အပြင် ဥရောပမိတ်ဖက်နိုင်ငံများနှင့်ပတ်သက်သည့် အရေးယူဆောင်ရွက်မှုများကို ပြောကြားရာတွင် “အမေရိကန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခရာကျကြောင်း၊ အမေရိကန်နိုင်ငံစီးပွားရေးတိုးတက်မှသာ ကမ္ဘာ့နိုင်ငံအားလုံး၏ စီးပွားရေးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ယခင်ဆယ်စုနှစ်များအတွင်း အမေရိကန်နှင့် ဥရောပနိုင်ငံများသည် သမားရိုးကျအတွေးအခေါ်ဖြစ်သည့် အစိုးရအသုံးစရိတ်ပိုမိုသုံးစွဲခြင်း၊ လူအများအပြားရွှေ့ပြောင်းသွားလာမှုကို စစ်ဆေးမှုမရှိခြင်းနှင့် မရေတွက်နိုင်သည့်နိုင်ငံခြားသွင်းကုန်များကို တိုးမြှင့်ခြင်းစသည်တို့သည် စီးပွားရေးတိုးတက်စေမည့် နည်းလမ်းဟုယူဆခဲ့ကြကြောင်း၊ ယင်းတို့သည် နိုင်ငံကို ချမ်းသာကြွယ်ဝစေရန်၊ အင်အားကြီးမားစေရန်နှင့် ခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်သည့်အချက်များကိုမျက်ကွယ်ပြုခဲ့သော ယခင်အစိုးရများလက်ထက်က ချမှတ်ခဲ့သည့် မိုက်မဲသောလမ်းစဉ်များသာဖြစ်ကြောင်း၊ ယင်းသို့ မိမိကိုယ်ကို ပျက်စီးစေသည့်မူဝါဒများ၏ အကျိုးဆက်များကြောင့် စီးပွားရေးတိုးနှုန်းလျော့ကျခြင်း၊ လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း၊ မွေးဖွားနှုန်းကျခြင်း၊ လူမှုရေးအရ ပျက်စီးစေသည့် ရွှေ့ပြောင်းသွားလာမှုများ ပိုမို များလာခြင်း၊ အမေရိကန်နိုင်ငံ၏ ဆန့်ကျင်ဖက်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အန္တရာယ်ကျရောက်နိုင်ခြေ ပိုမိုဖြစ်ပေါ်စေခြင်းနှင့် စစ်တပ်အင်အားလည်း ပိုမိုသေးငယ်လာခြင်းတို့ဖြစ်လာကြောင်း၊ အမေရိကန်နိုင်ငံသည် ဥရောပနိုင်ငံသားများအပေါ် အလေးထားပြီး ခိုင်မြဲသည့်သံယောဇဉ်လည်းရှိကြောင်း၊ ထို့ကြောင့် စွမ်းအင်၊ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းသွားလာမှုနှင့် စီးပွားရေးတိုးတက်မှုစသည်တို့မှာ ခိုင်မာပြီးစည်းလုံးသော အနောက်နိုင်ငံများအုပ်စုကို မြင်တွေ့လိုသူတိုင်းအတွက် အဓိကကျသည့် ကိစ္စရပ်များဖြစ်ကြောင်း၊ အနောက်နိုင်ငံများအနေဖြင့် နိုင်ငံခြားယဉ်ကျေးမှု အများအပြားတင်သွင်းခြင်းမပြုရန် အမေရိကန်နိုင်ငံ၊မင်နီဆိုးတားပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်အခြေအနေများက သတိပေးလျက် ရှိကြောင်း၊ ချမ်းသာကြွယ်ဝမှုနှင့် တိုးတက်မှုသည် အခွန်ငွေမှ ရရှိခြင်းမဟုတ်ဘဲ မိမိတို့၏သီးခြားယဉ်ကျေးမှုများမှ ရရှိလာခြင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ဖော်ပြပါဖိအားများနှင့် ကြုံတွေ့ရလျက်ရှိရာ အမှောင်ခေတ်(Dark Ages)မှတစ်ဆင့် လူသားများ၏အောင်မြင်မှုရရှိရန်အတွက် အနောက်နိုင်ငံများ၏ စိတ်ဓာတ်ခွန်အားကို ပြန်လည်ရှာဖွေ၍ ယဉ်ကျေးမှုကိုကာကွယ်ရမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။

Source: White House

https://www.whitehouse.gov/articles/2026/01/in-davos-president-trump-outlines-bold-vision-for-american-prosperity-transatlantic-strength

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News