International News

ဗီယက်နမ်နိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွင်း ဆန်တင်ပို့မှုတန်ချိန် ၈.၈ သန်းအထိရောက်ရှိရန် မျှော်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံးဆန်တင်ပို့သူအဖြစ် ရပ်တည်နိုင်မည့်လမ်းကြောင်းပေါ် ရောက်ရှိနေပြီး တင်ပို့မှုတန်ချိန် ၈ သန်းထက်မနည်းရှိမည်ဟု ခန့်မှန်းထားကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း(VFA)၏အဆိုအရ သိရှိရပါသည်။

ယခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၈၁ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၅.၅ သန်းတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပမာဏ ၃.၁ ရာခိုင်နှုန်းတိုးလာသော်လည်း ပို့ကုန်တန်ဖိုးမှာ ၁၅.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဇူလိုင်လတစ်လတည်းတွင် ပို့ကုန်တန်ချိန် ၇၅၀,၀၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆၆.၁ သန်းရရှိခဲ့ကြောင်း သိရှိရပါ သည်။

လက်ရှိတွင် ဗီယက်နမ်၏ပျမ်းမျှဆန်တင်ပို့မှုဈေးနှုန်းမှာ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၄ ရှိကြောင်း၊ ယခင်နှစ်များထက် ဈေးနှုန်းနိမ့်ကျလျက်ရှိသော်လည်း အခြားတင်ပို့သည့်နိုင်ငံများထက် ဈေးနှုန်းမြင့်မားနေသေးကြောင်း VFA မှ မှတ်ချက်ပြုခဲ့သည်။

အစဉ်အလာအားဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံးဆန်တင်ပို့လျက်ရှိသည့် ထိုင်းနိုင်ငံသည် သိသိသာသာကျဆင်းမှုနှင့်ကြုံတွေ့နေရပြီး ပို့ကုန်ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဝယ်ယူသူအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ၏ ၄၂.၆ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Economic Times

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News