ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ဒူဘိုင်းအခြေစိုက်ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Al Sharqi Shipping ပို့ဆောင်ရေးလုပ်ငန်းမှ ကင်ညာနှင့်ယူဂန်ဒါနိုင်ငံများသို့ လုပ်ငန်းတိုးချဲ့ရာတွင် ပံ့ပိုးကူညီပေးခဲ့ပြီး ဒေသတွင်းကုမ္ပဏီများအား အလားအလာမြင့်မားသော ကမ္ဘာ့ဈေးကွက်များသို့ ဝင်ရောက်နိုင်စေရေးအတွက် ဒူဘိုင်းပြည်နယ်၏ ဆောင်ရွက်ပေးမှုအခန်းကဏ္ဍကို အားဖြည့်ပေးခဲ့ပါ သည်။
အသင်း၏ကင်ညာရုံးခွဲမှ စျေးကွက်ထောက်လှမ်းရေးပံ့ပိုးပေးခြင်း၊ ကုမ္ပဏီအား ဒေသခံစီးပွားရေးမိတ်ဖက်များနှင့်ချိတ်ဆက်ကာ စည်းမျဉ်းစည်းကမ်းလိုက်နာမှု၊ ဥပဒေမူဘောင်များနှင့် စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များအကြောင်း စသည်တို့အား အကြံပေးခြင်းအားဖြင့် လုပ်ငန်းစဉ်လွယ်ကူချောမွေ့စေရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
Dubai Chambers အဖွဲ့အစည်း၏ နိုင်ငံတကာဆက်ဆံရေးဒုတိယဥက္ကဌဖြစ်သူ Salem Al Shamsi က အလားအလာရှိသောနိုင်ငံတကာစျေးကွက်များ၊ မဟာ ဗျူဟာမိတ်ဖက်များတို့နှင့် ၎င်းတို့၏ဆက်ဆံရေးကို အားကောင်းစေခြင်းအားဖြင့် ပြည်တွင်းကုမ္ပဏီများအားကမ္ဘာအနှံ့သို့ ချဲ့ထွင်နိုင်စေရန်အတွက် ၎င်းတို့ကတိပြုပါကြောင်း၊ ရေရှည်တည်တံ့သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးလျက်ရှိပြီး ဒူဘိုင်းပြည်နယ်မှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုသန်မာအားကောင်းလာစေရန်အတွက် ၎င်းတို့၏ကတိကဝတ်အပေါ် ဆက်လက်အလေး ပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာတွင် အလားအလာမြင့်မားသော အခွင့်အလမ်းများကို အသုံးချနိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Al Sharqi Shipping ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Kashif Rafiq က ယူအေအီး-ကန်ညာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)အရနှင့် နိုင်ငံတကာစီးပွားရေးတိုးတက်မှုတို့အတွက် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ၎င်းတို့မှ အရှေ့အာဖရိကဒေသတွင် စီးပွားရေးလုပ်ငန်းတည်ရှိမှုကို ချဲ့ထွင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းဆက်ဆံရေးကိုအားကောင်းလာစေရန်နှင့် ဒူဘိုင်းပြည်နယ်၏ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှုလိုလားချက်များအပေါ် ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
၁၉၈၉ ခုနှစ်ကတည်းက လုပ်ငန်းစတင်လည်ပတ်ခဲ့သည့် Al Sharqi Shipping ပို့ဆောင်ရေးလုပ်ငန်းသည် ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှု၊ ကုန်စည်ပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းစုစည်းခြင်း စသည့်လုပ်ငန်းများအားအထူးပြုဆောင်ရွက်လျက်ရှိပြီး ကင်ညာနှင့် ယူဂန်ဒါနိုင်ငံများရှိ ၎င်းတို့၏ ရုံးခွဲသစ်များအနေဖြင့် အကောက် ခွန်ရှင်းလင်းခြင်းလုပ်ငန်းစဉ်များမှ ဒေသတွင်းကုန်တင်ယာဉ်အခြေခံအဆောက် အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများအထိ အာဖရိကစျေးကွက်များတစ်လျှောက်တွင် ၎င်းတို့၏ဝန်ဆောင်မှုများအား တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါဆောင်ရွက်မှုသည် အဓိကထွန်းသစ်စဈေးကွက်များဆီသို့ မတူကွဲပြားစေရန် လုပ်ငန်းဆောင်ရွက်သွားမည့်ကုမ္ပဏီ၏မဟာဗျူဟာနှင့်ကိုက်ညီမှုရှိကြောင်း ဖော်ပြ ထားပါသည်။
ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ စျေးကွက်ထိုးထွင်းသိမြင်မှု၊ ကဏ္ဍဆိုင်ရာဈေးကွက်ထောက်လှမ်းမှုများနှင့် ဗျူဟာမြောက်ချိတ်ဆက်မှုများကို ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ဒူဘိုင်းတွင်အခြေစိုက်သည့် စီးပွားရေးလုပ်ငန်းကုမ္ပဏီများကို ပံ့ပိုးပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိပါသည်။ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာရုံးခွဲကွန်ရက်များမှတစ်ဆင့် အသင်းသည် ကုန်သွယ်မှုမစ်ရှင်များလွယ်ကူချောမွေ့စေပြီး စီးပွားရေးလုပ်ငန်းများကိုနိုင်ငံတကာမိတ်ဖက်များနှင့် ချိတ်ဆက်ကာ စျေးကွက်သစ်များရှာဖွေရန်အတွက် လက်တွေ့ကျသည့်လမ်းညွှန်မှုများဖြင့် ပံ့ပိုးပေးလျက်ရှိပါကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)