International News

တရုတ်နိုင်ငံသို့ စားအုန်းဆီတင်ပို့မှုကို ပိုမိုမြှင့်တင်မည့် မလေးရှားနိုင်ငံ

Last Updated:

မလေးရှားနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏သစ်တောပြုန်းတီးခြင်းကို ဦးတည်သည့်ဖိအားများကို ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် ၅၀၀,၀၀၀ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း Senior Minister တစ်ဦးက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့်ပတ်ဝန်းကျင်ပျက်စီးမှုတို့ကိုဖြစ်ပေါ်စေပြီး သစ်တောပြုန်းတီးမှုဖြစ်ခဲ့သည့်မြေမှ ကုန်စည်များအပေါ် ကုန်သွယ်မှုကို တားမြစ်သည့် စည်းမျဉ်းအသစ်ကို ယခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဆီအုန်းစိုက်ပျိုးခြင်းကြောင့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ရှိ မိုးသစ်တောများပျက်စီးစေသည်ဆိုသည့်အကြောင်းပြချက်ဖြင့် စားအုန်းဆီကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အပြစ်တင်ဝေဖန် ကြပါသည်။ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၈၅ ရာခိုင်နှုန်းရှိပါသည်။

မလေးရှားနိုင်ငံ၏ Ministry of Plantation and Commodities ၏ဝန်ကြီးဖြစ်သူ Mr. Fadillah Yusof က မလေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ စားအုန်းဆီတင်ပို့မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ စားအုန်းဆီနှင့် ဆီအုန်းအခြေခံထွက်ကုန်များတင်ပို့မှုမှာ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၃.၁၄ သန်းရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အကုန်နှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စားအုန်းဆီတန်ချိန် ၅၀၀,၀၀၀ ထပ်တိုးတင်ပို့နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့ထပ်တိုးတင်ပို့မှုမှာ မလေးရှားလုပ်ငန်း Sime Darby Oils International နှင့် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်း Guangxi Beibu Gulf International Port Group တို့အကြား သဘောတူညီချက်အရဖြစ်ပါသည်။

ထိုသို့တိုးမြှင့်တင်ပို့ခြင်းမှာ မလေးရှားနိုင်ငံ၏ဥရောပသမဂ္ဂကို တန်ပြန်မှုတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှတင်သွင်းသူများက မလေးရှားနိုင်ငံမှ တန်ဖိုးမြှင့်ဆီအုန်းထွက်ကုန်များကို ဝယ်ယူကြကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၏စားအုန်းဆီတင်ပို့မှုမှာ တန်ချိန် ၃.၂ သန်းရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ဥရောပသမဂ္ဂမှချမှတ်သည့် စည်းမျဉ်းသည် လွတ်လပ်ပြီး ခွဲခြားမှုမရှိသည့် ဈေးကွက်ဝင်ရောက်ခွင့်ကိုတားဆီးသည့် ကုန်သွယ်မှုအတားအဆီးတစ်ခုဖြစ်ကြောင်း၊ ထိုစည်းမျဉ်းကို အချိန်နှင့်အမျှပယ်ဖျက်ပေးမည်ဟုမျှော်လင့်ကြောင်း၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် ဥရောပသမဂ္ဂမှကိုယ်စားလှယ်များသည် ယခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ၊ ကွာလ်လမ်လာပူမြို့တွင် တွေ့ဆုံ၍ ဥရောပသမဂ္ဂမှချမှတ်သည့်စည်းမျဉ်းအပေါ် ဆွေးနွေးမှုအသစ်များပြုလုပ်သွားမည်ဖြစ်ကြောင်း Mr. Fadillah Yusof က အတည်ပြုပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News