International News

အိန္ဒိယသည် အိုင်တီအမာထည်(IT Hardware)ပစ္စည်းများအတွက် သွင်းကုန်ကန့်သတ်မည့်အစား သွင်းကုန်စီမံခန့်ခွဲမှုစနစ်ကို အစားထိုးကျင့်သုံးသွားဖွယ်ရှိ

Last Updated:

အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ယခင်က သတ်မှတ်ဆောင်ရွက်ခဲ့သော လက်ပ်တော့များ၊ တက်ဘလက်များ၊ တစ်ကိုယ်ရည်သုံးကွန်ပျူတာများ၊ ဆာဗာများနှင့်အခြားသော အိုင်တီအမာထည်(IT Hardware)ပစ္စည်းများအတွက် တင်သွင်းမှုကန့်သတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်အစား သွင်းကုန်စီမံခန့်ခွဲမှုစနစ်သစ်(Import Management System)ဖြင့် အဆိုပါထုတ်ကုန်ပစ္စည်းများတင်သွင်းမှုကို ထိန်းညှိရန် ကြိုးပမ်းသွားမည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့က အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)မှ HSN 8741 ခေါင်းစဉ်အောက်ရှိ လက်ပ်တော့များ၊ တက်ဘလက်များနှင့် PC များအပါအဝင် ထုတ်ကုန်ပစ္စည်း(၇)မျိုးကို တင်သွင်းခွင့်ကန့်သတ်ချက်အား ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ကုန်များကို တင်သွင်းရန်အတွက် လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် DGFT သည် သြဂုတ် ၄ ရက်နေ့တွင် အဆိုပါကန့်သတ် ချက်များကို အကောင်အထည်ဖော်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ ရွှေ့ဆိုင်းခဲ့သည်။

အိန္ဒိယအာဏာပိုင်များ၏ပြောကြားချက်အရ အစိုးရက အိုင်တီအမာထည်ပစ္စည်းများတင်သွင်းမှုကို ယခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ကန့်သတ်မှုများပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။ ကုမ္ပဏီများအနေဖြင့် သွင်းကုန်စီမံခန့်ခွဲမှုစနစ်သစ်အောက်တွင်သာ မှတ်ပုံတင်ရန်လိုအပ်မည်ဖြစ်သည်။ ထို့အပြင် အချိန် (၆)လမှ (၈)လကြာပြီးနောက်၊ အိုင်တီထုတ်ကုန်များအတွက် ယခင်နှစ်၏ တင်သွင်းမှုတန်ဖိုးအပေါ်အခြေခံ၍လည်းကောင်း၊ သို့မဟုတ် လွန်ခဲ့သည့်(၃)နှစ်အတွင်း ၎င်းတို့ကို ပျမ်းမျှတင်သွင်းသည့်တန်ဖိုးအပေါ်အခြေခံ၍လည်းကောင်း၊ အီလက် ထရွန်နစ်ပစ္စည်းများ၏ ပြည်တွင်းထုတ်လုပ်မှုအဆင့်နှင့် ပြည်ပတင်ပို့မှုတို့အပေါ် အခြေခံ၍လည်းကောင်း ကုမ္ပဏီများကို တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အိုင်တီထုတ်ကုန်ပစ္စည်းများတင်သွင်းခြင်းအပေါ် အရေအတွက်ကန့်သတ်ထိန်းချုပ်မှုကို ထားရှိတော့မည်မဟုတ်ကြောင်း Dell၊ HP ၊ Apple၊ Samsung နှင့် Asus စသည့် အဓိကအိုင်တီအမာထည်အမှတ်တံဆိပ်များ ထုတ်လုပ်သည့်ကုမ္ပဏီများကို အာမခံထားသည်။ ၎င်းအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အဆိုပါစနစ်အား ရုပ်သိမ်းမည့်အပိုဒ်(Sunset clause) ကိုလည်းထည့်သွင်းရန်စဉ်းစားနေပြီး ၎င်းတို့ကို ပြည်တွင်း၌ထုတ်လုပ်နိုင်မှုစွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါသွင်းကုန်စီမံခန့်ခွဲမှုစနစ်အား အွန်လိုင်းပေါ်သို့ အပြည့်အဝရောက်ရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် DGFT မှတာဝန်ယူ၍ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ သွင်းကုန်လုပ်ငန်းများအနေဖြင့် DGFT ဌာန၌ အသေးစိတ်အချက်အလက်များကို မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အား မကြာမီအပြီးသတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။ လတ်တလောတွင် ကုမ္ပဏီများသည် အဆိုပါယန္တရားသစ်အရ မှတ်ပုံတင်ခြင်းဖြင့် ၎င်းတို့လိုအပ်သည့်ပမာဏကို တင်သွင်းနိုင်ကြပြီး၊ အရေအတွက်ကန့်သတ်ချက်(Quotas)ကို နောက်ပိုင်း၌ မိတ်ဆက်ပေးသွားမည်ဟု သိရသည်။

အိန္ဒိယအစိုးရ၏အဓိကအာရုံစူးစိုက်မှုမှာ ပြည်တွင်းထုတ်လုပ်မှုမှတစ်ဆင့် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရင်း တစ်ဖက်တွင် လွယ်ကူစွာာစီးပွားရေးလုပ်ကိုင်နိုင်ရန်ဖြစ်သည်။ တာဝန်ရှိသူများအဆိုအရ အိန္ဒိယနိုင်ငံသည် လာမည့် ၃ နှစ်အတွင်း ၎င်း၏အိုင်တီအမာထည်လိုအပ် ချက်၏ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်ရန် ရည်မှန်းထားပြီး၊ ၎င်းတို့အား မယုံကြည်ရသောရင်းမြစ်များမှ တင်သွင်းမှုအပေါ် မှီခိုနေရမှုကိုလျှော့ချရန် ရည်မှန်းထားကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လမှစ၍ ဈေးကွက်အတွင်း အဆိုပါပစ္စည်းများ၏ ထောက်ပံ့မှုပြတ်တောက်မည်ကို စိုးရိမ်သောကြောင့် ကုမ္ပဏီများမှ ဝယ်ယူမှုများမြင့်တက်လာသည်နှင့်အမျှ သြဂုတ်လတွင် အိုင်တီအမာထည်တင်သွင်းမှု ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ အစိုးရ၏ လိုက်လျောညီထွေရှိသော ချဉ်းကပ်မှုနှင့် ကဏ္ဍအတွင်းရှိ ပါဝင်သက်ဆိုင်သူများမှ တင်ပြချက်များအပေါ် အလေးပေးဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါဖြစ်ပေါ်လာနိုင်သည့် ကုန်ပစ္စည်းပြတ်လပ်မှုအခြေအနေအပေါ် လုပ်ငန်းများမှ စိုးရိမ်မှုများအား ဖြေလျှော့ပေးနိုင်ခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အိုင်တီအမာထည်ထုတ်ကုန်များတင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံရှိပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ဖိုးအားဖြင့် ထက်ဝက်ကျော် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံကိုတင်သွင်းခဲ့ကြောင်း သိရသည်။ ၎င်းနောက်တွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးတင်သွင်းခဲ့ကြောင်း The Econmomic Times သတင်းဌာနက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)မှ ယခုနှစ် ဩဂုတ်လ ၃ ရက်နေ့က အဆိုပါထုတ်ကုန်ပစ္စည်းများတင်သွင်းမှုအပေါ် ကန့်သတ်သည့် အမိန့်ကြော်ငြာစာကိုထုတ်ပြန်ခဲ့ပြီး၊ ကဏ္ဍအတွင်းရှိ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် နိုဝင်ဘာလ (၁) မှစတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း ထပ်မံ၍ ထုတ်ပြန်ခဲ့သည်။

ယခုအခါ အစိုးရအနေဖြင့် သွင်းကုန်စီမံခန့်ခွဲမှုစနစ်သစ်(Import Management System)ဖြင့် အစားထိုးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် အဆိုပါစနစ်တွင် မှတ်ပုံတင်ကာ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းခွင့်ပြုသွားမည်ဟု ၎င်းတို့၏ခြေလှမ်းသစ်ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ၎င်းစနစ်အား နှစ်အကန့်အသတ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သတ်မှတ်ကာလအတွင်း အဆိုပါပစ္စည်းများကို ပြည်ပမှတင်သွင်းမည့်အစား ပြည်တွင်း၌ ထုတ်လုပ်မှုတိုးမြှင့်ပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းသွားရန် ရည်ရွယ်ထားကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရှိသုံးသပ်ရပါသည်။

ရည်ညွှန်းချက်။

The India Briefing သတင်းဌာန၊ “India Will Not Impose Curbs on Imports of Laptops, PCs, Servers from Nov. 1”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

The Economic Times သတင်းဌာန၊ “India's import curbs on laptops, tablets likely called off”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                             

                                                                                             

 

Category: International News