ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်တင်ပို့ရန် အသင့်ရှိကြောင်း၊ ရုရှားကုန်စည်တင်ပို့သူများသည် အင်ဒိုနီးရှားဈေးကွက်တွင် ၎င်းတို့၏ ဈေးကွက်ကို ရှာဖွေနေကြပြီး ၎င်းတို့၏ ထုတ်ကုန်အမျိုးအစားကို တိုးချဲ့ရန် အသင့်ရှိနေကြောင်း၊ ဂျုံကဲ့သို့သော ရိုးရာပို့ကုန်များအပြင် အေးခဲထားသောငါး၊ အသားထွက်ကုန်များ(သိုး၊ နွား၊ ဝက်)၊နံနံစေ့၊ ပြောင်းဆန်၊ နေကြာဆီနှင့် ပဲပိစပ်ဆီ များသည် အလားအလာရှိသော ကုန်စည်များဖြစ်ကြောင်း ဂျကာတာမြို့၌ သီးနှံတင်ပို့သူများနှင့် ထုတ်လုပ်သူများ၏ စီးပွားရေးမစ်ရှင်အစည်းအဝေးတွင် ရုရှား Agroexport ဗဟိုဌာန၏ အကြီးအကဲ Mr. Ilya Ilyushin က ပြောကြားခဲ့သည်။
ရုရှားမှ အင်ဒိုနီးရှားသို့ တိုးမြှင့်တင်ပို့ရန် အလားအလာရှိသော ကုန်ပစ္စည်းအချို့သည် မြင့်မားသော အကောက်ခွန်များ၊ အကောက်ခွန်မဲ့အတားအဆီးများဖြစ်သည့် ခွဲတမ်း၊ လိုင်စင်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ သွင်းကုန်ကန့်သတ်ချက်များဖြင့် ကန့်သတ်မှုများရှိကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်(Free Trade Agreements-FTA)အတွက် ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union-EAEU)နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား စေ့စပ်ညှိနှိုင်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးမည်ဟု ရုရှားတင်ပို့သူများက မျှော်လင့်ထားကြောင်း Agroexport ဗဟိုဌာန၏ အကြီးအကဲက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် EAEU နှင့် အင်ဒိုနီးရှားတို့အကြား FTA လက်မှတ်ရေးထိုးနိုင်ရန် လျာထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ဂျုံတန်ချိန် ၅၂,၀၀၀ ခန့် ပထမဆုံးအသုတ်အဖြစ် တင်ပို့ထားကြောင်း ရုရှားတိရစ္ဆာန်နှင့်အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ် ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန(Rosselkhozna dzor)က သတင်းထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားသို့ တင်ပို့မည့် ရုရှားဂျုံသည် အပင်ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း၊ ဓာတုဒြပ်စင်များ၊ မှိုဆေးများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ ပိုးသတ်ဆေးကြွင်းကျန်များပါဝင်မှုအပါအဝင် ရုပ်ပိုင်းဆိုင်ရာနှင့်ဓာတုဂုဏ်သတ္တိဆိုင်ရာ ညွှန်းကိန်းများအထိ စုံလင်စွာစစ်ဆေးရန်လိုကြောင်း၊ ဥပမာအားဖြင့် အင်ဒိုနီးရှားစျေးကွက်အတွက် Ochratoxin A ၏ အများဆုံးခွင့်ပြုသည့် ပမာဏမှာ 0.005 mg/kg သာရှိပြီး နိုင်ငံတကာစံချိန်စံညွှန်းများထက် နှစ်ဆပိုမိုတင်းကျပ်ကြောင်း Rosselkhoznadzor က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားသို့ ရုရှားဂျုံတင်ပို့မှုသည် တန်ချိန် ၁.၃ သန်းကျော်ရှိပြီး အမေရိကန် ဒေါ်လာ ၃၁၀ သန်းကျော်တန်ဖိုးရှိကြောင်း သိရသည်။
Source : https://seanews.ru/2025/10/17/ru-rossija-vozobnovljaet-jeksport-pshenicy-v-indoneziju/
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)