International News

ရုရှားသည် ၂၀၂၅ ခုနှစ်တွင် ရေနံတန်ချိန် ၅၁၀ သန်း ထုတ်လုပ်မည်

Last Updated:

ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ရေနံတန်ချိန် ၅၁၀ သန်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ်ကိန်းဂဏန်းများထက် တစ်ရာခိုင်နှုန်းလျော့နည်းသော်လည်း ဆန္ဒအလျောက် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားစွမ်းအင်ရက်သတ္တပတ်ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရားမျှတမှုမရှိသည့်ယှဉ်ပြိုင်မှုယန္တရားများဖြင့် ရုရှားအပေါ် ပြင်းထန်စွာချမှတ်ထားသော်လည်း ရုရှားသည် ထိပ်တန်းရေနံထုတ်လုပ်သူအဖြစ် ဆက်လက်ရပ်တည်နေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရေနံထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို ရုရှားက ပိုင်ဆိုင်ထားပြီး ယခုနှစ်ကုန်တွင် ရေနံတန်ချိန်သန်း ၅၁၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ ယင်းသည် ယခင်နှစ်ထက် ခန့်မှန်းခြေ ၁ ရာခိုင်နှုန်း နိမ့်ကျ ကြောင်း၊ ယင်းသည် OPEC+ သဘောတူညီချက်များနှင့်အညီ ရေနံထုတ်လုပ်မှုကို ဆန္ဒအလျောက် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သမ္မတက မှတ်ချက်ပြုခဲ့သည်။

အမေရိကန်သမ္မတ၏ပြောကြားချက်အရ အိန္ဒိယ၀န်ကြီးချုပ် Mr. Narendra Modi သည် ရုရှားထံမှ ရေနံဝယ်ယူမည်မဟုတ်ကြောင်း အာမခံထားမှုနှင့်စပ်လျဉ်း၍ စွမ်းအင်အရင်းအမြစ်များထောက်ပံ့ရေးတွင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယုံကြည်ထားကြောင်း ရုရှားဒုတိယ၀န်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

ယင်းအပြင် အိန္ဒိယနှင့် တရုတ်တာဝန်ရှိသူများထံမှ ရုရှားရေနံဝယ်ယူမှုနှင့်ပတ်သက်သည့် တရားဝင်ထုတ်ပြန်ချက်များကို ကရင်မလင်က လိုက်နာဆောင်ရွက်ကြောင်း ရုရှားသမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ Mr. Dmitry Peskov က အမေရိကန်သမ္မတ၏ မှတ်ချက်အပေါ် မှတ်ချက်ပေးပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုတွင် ရုရှားရေနံ၏ ဈေးကွက်ဝေစုသည် ၄၅ ရာခိုင် နှုန်းကျော်ရှိပြီး အကြီးစားရေနံသန့်စင်မှုလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းနှင့် အသေးစားရေနံသန့်စင်မှုလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရုရှားမှတင်သွင်းသည့် ရေနံကုန်ကြမ်းများဖြစ်ကြောင်း သိရသည်။ အစောပိုင်းတွင် ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၌ ရေနံတန်ချိန် ၅၁၈.၆ သန်းထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Source :        https://tass.ru/ekonomika/25366243

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News