အမေရိကန်နိုင်ငံသည် ဆေးဝါးနှင့် လျှပ်စစ်ပစ္စည်းကိရိယာကဲ့သို့သော ထုတ်ကုန်များ၏ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံအပေါ်တွင် မှီခိုရလျက်ရှိသဖြင့် ယင်းကို တရုတ်နိုင်ငံက အသုံးချလာနိုင်ရာ အဆိုပါအန္တရာယ်များကို ဖော်ထုတ်ရန် အမေရိကန်လွှတ်တော်အနေဖြင့် စက်မှုလုပ်ငန်းများအား တွန်းအားပေးသင့်သည်ဟု အမေရိကန်-တရုတ်စီးပွားရေးနှင့်လုံခြုံရေး လေ့လာသုံးသပ်မှုကော်မရှင် (U.S. – China Economic and Security Review Commission)က လွှတ်တော်သို့တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက မော်တော်ယာဉ်မှအစ ဂျက်လေယာဉ်အထိအသုံးပြုသည့် အရေးပါသောမြေရှားသတ္တုတင်ပို့မှုကိုကန့်သတ်ခဲ့ရာ ကုန်ထုတ်လုပ်မှုပြတ်တောက်မှုများဖြစ်ပေါ်စေခဲ့ပြီး တရုတ်အနေဖြင့် အမေရိကန်နိုင်ငံက သွင်းကုန်ခွန်ချမှတ်မှုအပေါ် ပြန်လည်တုံ့ပြန်နိုင်ရန် အရှိန်မြှင့်ပေးခဲ့ကြောင်း၊ အမေရိကန်-တရုတ်စီးပွားရေးနှင့်လုံခြုံရေးလေ့လာသုံးသပ်မှုကော်မရှင်က ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းကြီးများရှိပြီး ဥပမာအားဖြင့် လျှပ်စစ်မော်တော် ယာဉ်များတွင်အသုံးပြုသည့် Lithium-ionဘတ္တရီထုတ်လုပ်မှုကို တရုတ်က ထိန်းချုပ်ထားကြောင်း၊ မြေရှားသတ္တုရှားပါးမှုကို အသုံးချသည့်ဖြစ်ရပ်နှင့်အလားတူဖြစ်ရပ်မျိုး အမေရိကန်စက်မှုလုပ်ငန်းများသည် ထပ်မံကြုံတွေ့နိုင်ကြောင်း၊ အစီရင်ခံစာ၌ တရုတ်နိုင်ငံကြောင့် အမေရိကန်စက်မှု လုပ်ငန်းများအပေါ် ထိခိုက်နိုင်ခြေရှိသည့်အန္တရာယ်များကို သိရှိမှုအလွန်နည်းပါးသဖြင့် စက်မှုလုပ်ငန်းများကြုံတွေ့နိုင်သည့်အန္တရာယ်များကို အသေးစိတ်ပြုစုရန် အစိုးရက တွန်းအားပေးသင့်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံသည် နိုင်ငံခြားတိုင်းပြည်များနှင့်အတူ စစ်ဘက်သုံးပစ္စည်းကိရိယာကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်အပေါ်၌သာ အာရုံစိုက်လုပ်ဆောင်လျက်ရှိကြောင်း၊၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ကူးစက် ရောဂါဖြစ်ပွားမှုကာလအတွင်း ဝယ်လိုအားများပြီး အရေးပါသည့်ပစ္စည်းများဖြစ်သော အသက်ရှုစက်နှင့် တစ်ကိုယ်ရေးသုံးကာကွယ်ရေးပစ္စည်းများကို တရုတ်နိုင်ငံက အဓိကထုတ်လုပ်ဖြန့်ဖြူးခဲ့ကြောင်း၊ China Beige Book သုတေသနအဖွဲ့၊ ပူးတွဲတည်ထောင်သူ Leland Miller က အထွေထွေဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရာတွင်လိုအပ်သည့် Active pharmaceutical ingredients, APIs အများစုကို တရုတ်နိုင်ငံ၌ ထုတ်လုပ်လျက်ရှိရာ ဆေးဝါးထုတ်လုပ်မှုကဏ္ဍသည် မြေရှားသတ္တုထက် ပို၍ထိခိုက်မှုရှိနိုင်သည့်ကဏ္ဍတစ်ရပ်ဖြစ်သည်ဟု ဆိုကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၌ ရောင်းချသည့်ဆေးဝါးထုတ်လုပ်သူများအား ၎င်းတို့ဆေးရှိပါဝင်ပစ္စည်းများ၏ ပင်ရင်းနိုင်ငံကိုတင်ပြရန်လိုအပ်သည်ဟု လွှတ်တော်က ချမှတ်သင့်ကြောင်း၊ အိန္ဒိယနိုင်ငံ၌ ဆေးထုတ်လုပ်သည်ဆိုသော်လည်း ဆေး၏ APIs များကို ဖြန့်ဖြူးသူများမှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံကယုံကြည်စိတ်ချရသည့်နိုင်ငံအပေါ် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ခြင်းဖြင့် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအပေါ် အနှောင့်အယှက်ပြုနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ယင်းသို့သောအန္တရာယ်များကို သိရှိနိုင်ရေးအလို့ငှာ လုပ်ထုံးလုပ်နည်းများပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအပေါ် အမှီအခို(လုံးဝ)မပြုခြင်းသည် လက်တွေ့မကျသကဲ့သို့ ထားရှိရန်လိုသည့် ရည်ရွယ်ချက်လည်းမဟုတ်ကြောင်းဖြင့် ကော်မရှင်က ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
Source: Wall Street Journal
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)