မကြာသေးမီက အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် အခွန်နှုန်းသတ်မှတ်မှုဆိုင်ရာ ကြေညာချက်သည် စင်ကာပူနိုင်ငံ၏ Chip ထုတ်လုပ်မှုလုပ်ငန်းအပေါ် သိသာသည့် သက်ရောက်မှုမရှိနိုင်ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက The Straits Times ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးထားသည့် ကြေညာချက်အရ အဆင့်မြင့် chip များနှင့် ဆင့်ပွားထုတ်ကုန်များ(specified derivative products) ကို အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းရာတွင် အခွန် ၂၅ % ကျသင့်မည်ဖြစ်ပါ သည်။ ထိုင်ဝမ်တွင်ထုတ်လုပ်ပြီး AI ဒေတာစင်တာများတွင် အများဆုံးအသုံးပြုသည့် Nvidia ၏ H200 နှင့် AMD ၏ MI325X တို့ကဲ့သို့သောအဆင့်မြင့် chip များ အပေါ် အခွန်ကောက်ခံသွားမည်ဖြစ်ပါသည်။ ပြည်ပဈေးကွက်များသို့ သင်္ဘောတင်ခြင်းမပြုမီ နောက်ဆုံးအဆင့်ကုန်ချောပြုလုပ်ရန်အတွက် အမေရိကန်နိုင်ငံသို့ တင်သွင်းသည့်အချိန်တွင် chip အပေါ် အခွန်ကောက်ခံမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ၏ကြေညာချက်တွင် အမေရိကန်နည်းပညာကဏ္ဍတိုးတက်မှု သို့မဟုတ် အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်စွမ်းအားကို အထောက်အကူဖြစ်စေမည့် chip များတင်သွင်းမှုအပေါ် သက်ရောက်မှုမရှိကြောင်း၊ ကုန်သွယ်ရေးအတွင်းရေးမှူး Howard Lutnick နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်သွင်းမှုနှင့်စပ်လျဉ်း၍ ကုန်သွယ်ဖက်နိုင်ငံများနှင့်ညှိနှိုင်းရန်နှင့် အစီရင်ခံစာကို ရက် ၉၀ အတွင်းတင်ပြရန် ညွှန်ကြားထားကြောင်းဖော်ပြထားပါသည်။ အဆိုပါအစီရင်ခံစာများအပေါ် မူတည်၍ အမေရိကန်သမ္မတအနေဖြင့် အခွန်နှုန်းများထပ်တိုးသတ်မှတ်ခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးသောအားဖြင့် အခွန် သတ်မှတ်မှုအစီအစဉ်များစသည်တို့ကို ထုတ်ပြန်နိုင်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံ၏တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံ၏ ပို့ကုန်အထူးပြုကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အဓိကမဏ္ဍိုင်ဖြစ်ပါသည်။ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍနှင့် ကနဦးဆန်းစစ်ချက်များအရ ဇန်နဝါရီလ ၁၄ ရက်နေ့က ကြေညာခဲ့သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် အခွန်သတ်မှတ်မှုပထမအဆင့်သည် စင်ကာပူနိုင်ငံအတွက် အနည်းငယ်သာသက်ရောက်နိုင်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းအမျိုးစားအနည်းငယ်အပေါ်သာ အကျုံးဝင်ပြီး ယခုအကျုံးဝင်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအမျိုးအစားများမှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ထုတ်လုပ်ခြင်းမရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ အခွန်နှုန်းသတ်မှတ်လာနိုင်မှုအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)