စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့(Singapore Tourism Board-STB)နှင့် တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(China Council for the Promotion of International Tarde-CCPIT)တို့အကြား စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပြပွဲလုပ်ငန်းကဏ္ဍပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာမှာ ၃ နှစ်သက်တမ်းဖြစ်ပြီး ပြပွဲစီစဉ်ကျင်းပမှု လွယ်ကူစေရေးအထောက်အကူ(Exhibition Facilitation Support)၊ ပူးတွဲမြှင့်တင်ရေးလုပ်ငန်းများ(Joint Promotion Efforts)၊ အစည်းအဝေး၊ ဆွဲဆောင်မှုအခွင့်အရေး၊ ညီလာခံနှင့် ပြပွဲအခမ်းအနား(MICE) ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေခြင်း(Deepening MICE Exchange and Cooperation) စသည့်နယ်ပယ် ၃ ခုကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
CCPIT အနေဖြင့် တရုတ်ပြပွဲစီစဉ်သည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများကို စင်ကာပူနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေးပြပွဲများကျင်းပပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ပြီး STB အနေဖြင့် တရုတ်ပြပွဲစီစဉ်သည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများကို အစိုးရဌာနများနှင့်ဆက်ဆံရေး၊ လုပ်ငန်းချိတ်ဆက်မှုများ လွယ်ကူချောမွေ့စေရေးအပါအဝင် လိုအပ်သည့်အကူအညီများပံ့ပိုးပေးမည်ဖြစ်ပါသည်။
CCPIT နှင့် STB တို့သည် အဆင့်မြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ပတ်ဝန်းကျင်ထိခိုက်မှုနည်းစေသည့်စွမ်းအင်(clean energy)၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့် အဓိကစီးပွားရေးကဏ္ဍများတွင် အများပြည်သူပိုမိုသိရှိစေပြီး အပြည်ပြည်ဆိုင်ရာပြပွဲကြီးများ ကျင်းပနိုင်ရေးကို အားပေးသွားမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်နိုင်ရန်နှင့်ကမ္ဘာ့စီးပွားရေးဝန်းကျင်တွင် ပါဝင်ဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။
CCPIT နှင့် STB တို့သည် အသိပညာဖလှယ်မှုကို အားပေးဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းမှုစသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မှုကို ရှာဖွေခြင်း၊ ပြပွဲကျင်းပရေးလုပ်ငန်းကဏ္ဍတွင် အတတ် ပညာရှင်များကို မွေးထုတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
“နားလည်မှုစာချွန်လွှာသည် ပြပွဲကျင်းပရေးလုပ်ငန်းကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသည့် သဘောတူညီချက်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား စက်မှုလုပ်ငန်းကဏ္ဍအတွက်အရေးပါပြီး ဒေသတွင်းစီးပွားရေးကောင်းမွန်မှုကို ဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ CCPIT နှင့် STB အကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အဓိကစီးပွားရေးလုပ်ငန်းများတွင် စီးပွားရေးဆိုင်ရာပြပွဲများကျင်းပခြင်းဖြင့် ကောင်းမွန်သည့်ရလဒ်များဖြစ်ပေါ်စေမည်ဖြစ်ကြောင်း” CCPIT ၏ ပြပွဲစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးချုပ် Mr. Wu Shengrong က ပြောကြားခဲ့ပါသည်။
“CCPIT နှင့်ပူးပေါင်းဆောင်ရွက်မှုသည် STB အတွက် အပြည်ပြည်ဆိုင်ရာ စီးပွား ရေးပြပွဲများ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့်ဆောင်ရွက်မှုတစ်ခုဖြစ် ကြောင်း၊ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာပြပွဲများတွင် တရုတ်စီးပွားရေးလုပ်ငန်းများ ပိုမိုပါဝင်လာရန်ဖိတ်ခေါ်ကြောင်း၊ မဟာဗျူဟာကျသည့် စီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများမှတစ်ဆင့် စင်ကာပူနိုင်ငံသည် လျင်မြန်တိုးတက်လာသည့် အာရှပစိဖိတ်ဒေသသို့ ယုံကြည်စိတ်ချရသည့် ဝင်ပေါက်တစ်ခုဖြစ်ကြောင်း” STB ၏ ပြပွဲနှင့်ညီလာခံဌာန အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Mr. Poh Chi Chuan က ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့ (Singapore Tourism Board-STB)
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)