International News

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဘက်စုံစီးပွားရေးပူးပါင်းဆောင်ရွက်မှု ဆွေးနွေးမှုများစတင်မည်

Last Updated:

အိမ်နီးချင်းနှစ်နိုင်ငံကြား ကျယ်ပြန့်သော စီးပွားရေးဆက်ဆံမှုများအတွက် လမ်းခင်းပေးမည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Comprehensive Economic Partnership Agreement-CEPA)အတွက် ဆွေးနွေးမှုများစတင်ရန် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား စနေနေ့က  သဘောတူညီခဲ့ကြကြောင်း သိရှိရ သည်။

အိန္ဒိယဝန်ကြီးကြီးချုပ်နာရင်ဒြာမိုဒီက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ချုပ် ရှိတ်ဟာဆီနာအား Hyderabad House ၌ ကြိုဆိုသည့်အခမ်းအနားတွင် ဆက်သွယ်ချိတ်ဆက်မှုနှင့် စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များတွင် ရူပီးဖြင့်ပေးချေမှုကိုဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် မိုဒီက  Akhaura နှင့် Agartala အကြား ဆဋ္ဌမမြောက်အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်ကျော်ရထားလမ်းကို ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အိန္ဒိယအရှေ့ မြောက်ပိုင်းပြည်နယ်များအတွက် ကုန်တင်ကုန်ချပစ္စည်းများကို Khulna-Mongla ဆိပ်ကမ်းမှတစ်ဆင့် ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ Mongla ဆိပ်ကမ်းကိုလည်း ရထားလမ်းဖြင့် ပထမဆုံးအကြိမ် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်နိုင်ငံပူးပေါင်းတည်ဆောက်သည့်  ၁၃၂၀ မီဂါဝပ်ထုတ်လုပ်နိုင်သည့် အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံနှစ်ခုသည်လည်း လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာသည် ဝန်ကြီးချုပ်နာရန်ဒြာမိုဒီ၏ ဇွန် ၉ ရက်နေ့တွင် တတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးလာရောက်သည့် ပြည်ပခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရထားလမ်းဆက်သွယ်မှု၊ အဏ္ဏဝါဗေဒလေ့လာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် ရေကြောင်းသွားလာမှုကဏ္ဍများအပါအဝင် နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကိုကြိုဆိုသည့်အနေနှင့်  အိန္ဒိယနိုင်ငံမြောက်ပိုင်း၊အနောက်ဘင်္ဂလားနှင့် အာသံပြည်နယ် အကြားတွင် ဗျူဟာမြောက်တည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Rangpur တွင် Assistant High Commission ရုံးအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မိုဒီက ကြေညာခဲ့သည်။ ယင်းနေရာသည် Teesta မြစ်၏ရေပိုင်နက်အငြင်းပွားမှုအတွက် ကာလကြာရှည်စွာညှိနှိုင်းနေရသည့်နေရာဖြစ်ကြောင်း သိရှိရသည်။

Hyderabad House တွင်ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် မိုဒီက၊ အိန္ဒိယ၏ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် Teesta မြစ်၏ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲမှုကို ဆွေးနွေးရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာမီလာရောက်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်၏ Teesta မြစ်ကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက်ကို အကောင်အထည်ဖော်ခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ၏ လာမည့်လအတွင်း တရုတ်နိုင်ငံခရီးစဉ်ဆွေးနွေးမှုများတွင်လည်း အဆိုပါစီမံကိန်းကိစ္စရပ်များပါဝင်နိုင်ဖွယ်ရှိကြောင်း၊ တရုတ်သည်လည်း နယ်စပ်ဖြတ်ကျော်မြစ်ကြောင်းဆိုင်ရာ စီမံ ကိန်းကို စိတ်ဝင်စားမှုရှိနေကြောင်း သိရှိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာဗီဇာများ တိုးမြှင့်တောင်းဆိုမှုအား ကိုင်တွယ်ဖြေရှင်းရန်အတွက် အိန္ဒိယမှ Medical e-Visas များစတင်ထုတ်ပေးမည်ဟု မိုဒီကကြေညာခဲ့သည်။ အိန္ဒိယဆေးရုံများတွင် ဆေးကုသမှုခံယူနေသူများအတွက် မကြာခဏအရေးတကြီးလိုအပ်သည့် ဗီဇာရရှိရန် နှောင့်နှေးမှုများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တောင်းဆိုမှုများရှိကြောင်းလည်း သိရှိ ရသည်။

မိုဒီနှင့်ဆွေးနွေးပြီးနောက် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက နိုင်ငံရေး၊ လုံခြုံရေး၊ ကုန်သွယ်မှု၊ ချိတ်ဆက်ဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံထိစပ်နေသည့်မြစ်များမှ ရေကိုမျှဝေသုံးစွဲရေး၊ လျှပ်စစ်ဓာတ်အား၊ စွမ်းအင်နှင့် ဒေသတွင်းနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဂြိုဟ်တုငယ်များလွှတ်တင်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကိုလည်း နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် ၁၀ ရက်တာအတွင်း အိန္ဒိယသို့ဒုတိယအကြိမ်မြောက်လာရောက်ခြင်းဖြစ်ပြီး ဇွန်လ ၉ ရက်က မိုဒီ၏ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်စဉ် ဝန်ကြီးချုပ်မိုဒီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။

Source: New Delhi, Dhaka to begin talks on comprehensive economic ties, The Hindu, 23 June 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News