International News

အိန္ဒိယဗဟိုအစိုးရက ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ရန်အတွက် အနိမ့်ဆုံးပံ့ပိုးသတ်မှတ်စျေးနှုန်း(MSP)ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် သွင်းကုန်လျှော့ချသွားမည်ဖြစ်ကြောင်း ကတိပြု

Last Updated:

ပဲမျိုးစုံပြည်တွင်းထုတ်လုပ်မှုကိုမြှင့်တင်ရန်နှင့်တင်သွင်းမှုလျှော့ချရန်အတွက် အိန္ဒိယဗဟိုအစိုးရသည် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို အနိမ့်ဆုံးပံ့ပိုးစျေးနှုန်း(MSP)ဖြင့် ဝယ်ယူသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က သောကြာနေ့တွင် ကတိပြုပြောကြားခဲ့ကြောင်းနှင့် အဆိုပါလုပ်ဆောင်ချက်သည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကို အားပေးရန်နှင့် ၂၀၂၇ ခုနှစ်တွင် ပြည်တွင်းပဲထုတ်လုပ်မှုဖူလုံမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးများနှင့် Virtual တွေ့ဆုံပွဲတွင် Chouhan က တောင်သူများမှတ်ပုံတင်ခြင်းအတွက် e-Samridhi portal ကိုစတင်မိတ်ဆက်ထားပြီးဖြစ်ကြောင်းနှင့် အစိုးရ၏ ဝယ်ယူရေးအစီအစဉ်များတွင် ထိထိရောက်ရောက်အသုံးပြုနိုင်ရေးအတွက် တောင်သူများအနေဖြင့် ယင်း Portal တွင် မှတ်ပုံတင်ထားရှိရေး ပြည်နယ်အစိုးရများက တွန်းအားပေးဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

ထို့ပြင်ဝန်ကြီးက ၂ဝ၁၅-၁၆ ခုနှစ်မှစ၍ ပဲမျိုးစုံထုတ်လုပ်မှုသည် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည့်အတွက် ပြည်နယ်များကို ချီးကျူးခဲ့ကြောင်း၊ သို့ရာတွင် တစ်ဟက်တာအထွက်နှုန်းမြှင့်တင်ရေးအတွက် ထပ်မံကြိုးပမ်းရန် တောင်းဆိုခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ပဲတီစိမ်းနှင့်ကုလားပဲဖူလုံမှုရှိခဲ့သည့်အတွက် ၎င်း၏ပဲမျိုးစုံတင်သွင်းမှုကို ၃၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးမှုမြှင့်တင်ရေးအတွက် ကြေညာထားသည့်အဓိကလုပ်ဆောင်ချက်များမှာ လက်ရှိမိုးရာသီ(Kharif)တွင်စတင်မည့် New Model Pulses Village အစီ အစဉ်၊ စပါးရိတ်သိမ်းပြီးနောက် မြေလွတ်မြေလပ်များကို ပဲစိုက်ပျိုးရာတွင်အသုံးပြုရေး၊ပဲစင်းငုံသီးညှပ်စိုက်ပျိုးမှုကို အားတက်သရောမြှင့်တင်ရေး၊အရည်အသွေးကောင်းမွန်သော မျိုးစေ့များရရှိနိုင်ရန်အတွက် ပဲမျိုးစေ့စင်တာ ၁၅၀ ခု တည်ထောင်ရေးနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာလတိုသီးနှံများဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်း  Chouhan မှ ပြောကြားခဲ့သည်။

ထို့အတူ Chouhan က ပြည်ပတင်ပို့နိုင်မည့်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးဆောင်ရွက်ရန်လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပြီး ပြည်နယ်များကို ၎င်းတို့၏မျိုးစေ့ဖြန့်ဖြူးမှုစနစ်နှင့် အစိုးရမျိုးစေ့ကော်ပိုရေးရှင်းများ အားကောင်းစေရန်တိုက်တွန်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးသို့ Madhya Pradesh၊ Maharashtra၊ Rajasthan နှင့် Uttar Pradesh အပါအဝင် အဓိကပဲစိုက်ပျိုးထုတ်လုပ်သောပြည်နယ်များမှ စိုက်ပျိုးရေးဝန်ကြီးများတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အသေးစိတ်အစည်းအဝေးတစ်ရပ်ပြုလုပ်ရန် ဒေလီမြို့သို့ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးများကို ဖိတ်ကြားခဲ့ပါသည်။

Source: Center committed to procure pulses at MSP to boost production, cut imports: Agriculture Minister Shivraj Singh Chouhan, The Economic Times, 21 June 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News