International News

ဂျာမန်မော်တော်ကား ထုတ်လုပ်သည့် လုပ်ငန်းသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်၏ အခွန်စည်းကြပ်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရ

Last Updated:

BMW၊ Mercedes နှင့် Audi တို့ကဲ့သို့သော ဂျာမန်ဇိမ်ခံကားအမှတ်တံဆိပ်များသည် အမေရိကန်တွင် အရောင်းရဆုံးသော အမှတ်တံဆိပ်များအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း အခွန်စည်းကြပ်မှုများမြင့်တက်လာခြင်းသည် ယင်းကားများ၏ ရောင်းအားနှင့် အမြတ် အစွန်းတို့အပေါ် သက်ရောက်မှုများရှိလာခဲ့ကြောင်း၊ ဈေးကွက်ထဲရောက်ရှိနေပြီးသော လက်ရှိထုတ်လုပ်ပြီးသားကားများ ကုန်သွားသည် နှင့်တပြိုင်နက် ကားအသစ်များ၏စျေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့်မြင့်တက်လာနိုင်သည့်အတွက် ယင်းသို့ဈေးနှုန်းများတိုးမြင့်လာမှုကြောင့် ဝယ်ယူသုံးစွဲသူများအနေဖြင့် ဝယ်ယူရန် ချီတုံချတုံဖြစ်သွားနိုင်သည်ဟု အရောင်းကိုယ်စားလှယ်များဘက်မှ ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်တင်ပို့မှုအပေါ်ကြီးမားစွာမှီခိုနေရသော ဂျာမန်မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းသည် အမေရိကန်၏ အခွန်စည်းကြပ်မှုများကြောင့် ထပ်လောင်းကုန်ကျစရိတ်ဘီလီယံနှင့်ချီ၍ရင်ဆိုင်နေရကြောင်း၊ ဥရောပ၏ကားစျေးကွက် ရပ်တန့်သွားသည်နှင့်အမျှ  အမေရိကန်တွင်မူ ယင်းဇိမ်ခံကားများအတွက်  မြင့်တက်လာသော ကုန်ကျစရိတ်များကို ကာမိစေရန်နှင့် စားသုံးသူများ၏ ဝယ်လိုအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်တို့အတွက် ကားအဟောင်းများရောင်းချမှု(used car sales) ဈေးကွက်သို့ မလွှဲမသွေဦးတည်ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Volkswagen Group၊ Mercedes-Benz နှင့် BMW တို့အပါအဝင် ဂျာမန်မော်တော်ကားကုမ္ပဏီကြီးများသည် ဝါရှင်တန်နှင့်ဘရပ်ဆဲလ်တို့အကြား(အမေရိကန်နှင့် အီးယူအကြား) ၇-၈-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် သဘောတူညီမှုအသက်မဝင်မီကပင် အမေရိကန်၏အခွန် စည်းကြပ်မှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် အကျိုးသက်ရောက်မှုကို ခံစားနေကြရပြီ ဖြစ်ပါသည်။

Volkswagen၊ Audi၊ Porsche၊ SEAT နှင့် CUPRA ကဲ့သို့သော အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် Volkswagen Group က ယခုနှစ်အတွက် ၎င်းတို့ကုမ္ပဏီ၏ အသားတင်အမြတ်ငွေသည် ယူရို(၄.၀၀၅)ဘီလီယံအမြတ်ငွေရှိခဲ့သော ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃၆.၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း၊ CAR Think Tank အဖွဲ့၏ဒါရိုက်တာဖြစ်သူ Ferdinand Dudenhöffer ကလည်း Porsche အမှတ်တံဆိပ်သည် ဂျာမနီတွင် ကားတစ်ခုတည်းကိုသာ ထုတ်လုပ်သည့်အတွက် Porsche ၏အခြေအနေမှာ လက်ရှိအချိန်တွင် အထူးခက်ခဲလျက်ရှိပါကြောင်း၊ ယခုနှစ်၏ ပထမအစောပိုင်းလများတွင် Porsche ၏အသားတင်အမြတ်ငွေသည် ယူရို(၇၂၄)သန်းအမြတ်ငွေရှိခဲ့သော ယမန်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၆၆.၄ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ကြောင်း၊ Audi အနေဖြင့်လည်း ၎င်း၏စက်ရုံမှာ မက္ကဆီကိုနိုင်ငံ၊ Puebla၊ San José Chiapa တွင်တည်ရှိသောကြောင့် အလားတူစိန်ခေါ်မှုများရှိနေပါကြောင်း၊ Audi ၏အခြေအနေမှာ အခြေခံအခွန်စည်းကြပ်မှုနှုန်းထား ၁၅ ရာခိုင်နှုန်းသာမကဘဲ လက်ရှိအချိန်တွင် မက္ကဆီကို၌ထုတ်လုပ်သောယာဉ်များအပေါ် စည်းကြပ်သည့် ၂၅ ရာခိုင်နှုန်းအခွန်ကိုပါ ပေးဆောင်ရမည့်အခြေအနေရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ(၆)လတွင် Audi ၏၀င်ငွေသည် ယူရို(၁.၃၄၆)ဘီလီယံအထိကျဆင်းသွားရာ ယမန်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၃၇.၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ကြောင်း၊ BMW၊ MINI နှင့် Rolls-Royce အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် BMW မှာမူ ယခုနှစ် ပထမနှစ်ဝက်တွင် ဝင်ငွေ ယူရို(၄.၀၁၅) ဘီလီယံသာရှိခဲ့ရာ ယင်းပမာဏမှာ ၂၀၂၄ ခုနှစ် အလားတူကာလက ဝင်ငွေထက် ၂၉ ရာခိုင်နှုန်းလျော့နည်းသွားခဲ့ကြောင်း သိရှိရပါသည်။

သို့သော်လည်း BMW နှင့် Mercedes-Benz တို့မှာမူ အမေရိကန်တွင် ၎င်းတို့၏စက်ရုံများတည်ရှိနေသောကြောင့် ဈေးကွက်တွင် အကောင်းဆုံးနေရာရရှိထားသော ကားအမှတ်တံဆိပ်များထဲ၌ ကျန်ရှိနေဆဲဖြစ် ကြောင်း၊ Mercedes-Benz သည် သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာအားသာချက်များနှင့်အတူ အခြေခံအခွန် စည်းကြပ်မှု ၁၅ ရာခိုင်နှုန်းအသက်မဝင်သေးဘဲ ဆိုင်းငံ့ပေးထားခံရသော်လည်း ယခုနှစ် ပထမနှစ်ဝက်တွင် ၎င်း၏အသားတင်အမြတ်ငွေသည် ယူရို (၂.၆၈၈) ဘီလီယံသာရှိခဲ့ပါကြောင်း၊ ယင်းမှာ ၂၀၂၄ ခုနှစ် အလားတူကာလထက် ၅၅.၈  ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် အမေရိကန်က ဂျာမနီအပါအဝင် အီးယူနိုင်ငံများမှ တင်ပို့သည့်ကားများအပေါ် အခွန်ကောက်ခံမည့်နှုန်းထားမှာ ၂၅ ရာခိုင်နှုန်းဖြစ်ပါသည်။

Source:         https://www.dw.com/en/us-tariffs-pile-pressure-on-german-carmakers/ video-73640315

                     https://efe.com/en/other-news/2025-08-06/german-automotive-industry-hit-by-us-tariffs-in-first-half-of-2025/

          https://www.euronews.com/business/2025/08/01/white-house-keeps-tariff-pressure-on-eu-car-industry

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News