ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့် အင်ဒိုနီးရှားအာဏာပိုင်တို့ သည် လာမည့်ဒီဇင်ဘာလတွင် ရုရှားနိုင်ငံ၌ လွတ်လပ်သောကုန်သွယ်ရေဇုန်ထူထောင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ၏ ထုတ်ဖော်ပြောကြားချက်ကို ကိုးကား၍ Jakarta Globe သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါသဘောတူညီချက်သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းကြောင်းအသစ်များဖွင့်လှစ်ပေးလိမ့်မည်ဖြစ်ကြောင်း ဂျကာတာတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး Mr.Maxim Ryzhenkov နှင့်တွေ့ဆုံပြီးနောက် Mr. Sugiono က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် EAEU နိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အမေရိကန်ဒေါ်လာ ၇ သန်း ပိုငွေရရှိခဲ့ကြောင်းဖော်ပြထားသည်။ ကုန်သွယ်မှုသဘောတူညီချက်တွင် အကောက်ခွန်လျှော့ချခြင်းများပါဝင်မည်ဖြစ်ပြီး EAEU ၏ခန့်မှန်းချက်အရ အကောက်ခွန်လျှော့ချမှုများသည် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(Free Trade Agreements-FTA) လက်မှတ်ရေးထိုးကြမည့် အဖွဲ့ဝင်နိုင်ငံများ(ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာမေးနီးယား)အကြား စာချုပ်စတင်အသက်ဝင်ပြီးနောက် လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ကုန်သွယ်မှုပမာဏ နှစ်ဆတိုးလာရန် မျှော်လင့်ထားကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov က ဇွန်လတွင် Mr. Sugiono နှင့်ဆွေးနွေးမှုပြီးနောက် အင်ဒိုနီးရှားနှင့် EAEU တို့အကြား FTA သဘောတူညီချက်ကို ချုပ်ဆိုရန်ရှိပြီး မော်စကိုသည် မကြာမီအချိန်တွင် လက်မှတ်ရေးထိုးရန်မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံအထိရှိခဲ့သည်။ ရုရှားသည် အင်ဒိုနီးရှားနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ကုန်များ၊ သံနှင့်သံမဏိ၊ ဓာတ်မြေဩဇာ၊ဂျုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များအဓိကတင်ပို့ပြီး အင်ဒိုနီးရှားမှ စားအုန်းဆီ၊ ရော်ဘာ၊ ကော်ဖီနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိကတင်သွင်းကြောင်း သိရသည်။
အင်ဒိုနီးရှားနှင့် FTA စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ မေလတွင် Supreme Eurasian Economic Council မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပထမ၊ ဒုတိယနှင့် တတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ်၊ ဧပြီ၊ ဇူလိုင်နှင့် ဒီဇင်ဘာလတို့တွင် အသီးသီးကျင်းပခဲ့ပါသည်။ စတုတ္ထအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၄ မတ်လတွင်ကျင်းပခဲ့ပြီး ပဉ္စမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံ၊ Batu မြို့၌ ကျင်းပခဲ့သည်။
EAEU နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(United Arab Emirates-UAE) နိုင်ငံတို့အကြား FTA သဘောတူညီချက်ကို ဇွန်လတွင် မင့်စ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်ရှိတွင် EAEU သည် FTA ညှိနှိုင်းဆွေးနွေးမှုများကို အင်ဒိုနီးရှားအပြင် အီဂျစ်၊ မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားသည် အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ပြီး တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သည် ရုရှား၏ ထိပ်တန်းမဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။
Source : https://tass.ru/ekonomika/24711941
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)