International News

အိန္ဒိယသည် ဘာစမာတီဆန်၏ အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း(Minimum Export Price - MEP) ကို လက်ရှိနှုန်းထားအောက် လျှော့ချသတ်မှတ်နိုင်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ဘာစမာတီဆန်၏အနိမ့်ဆုံးပို့ကုန်စျေးနှုန်း(Minimum Export Price-MEP)ကို မက်ထရစ်တန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားရာမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ အထိလျှော့ချနိုင်ဖွယ်ရှိကြောင်း သိရသည်။ ၎င်းသည် အိန္ဒိယဆန်တင်ပို့သူများကို ဘာစမာတီဆန်တင်ပို့မှုအတွက် တစ်တန်လျှင် MEP အမေရိကန်ဒေါ်လာ ၁၀၅၀ သို့ လျှော့ချသတ်မှတ်လိုက်သည့်ပါကစ္စတန်နိုင်ငံနှင့်ယှဉ်ပြိုင်ရာတွင် အကူအညီပေးရန်ဖြစ်သည်။ လွန်ခဲ့သည့်လက အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန်တင်ပို့မှုအတွက် အနိမ့်ဆုံးပို့ကုန်စျေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀  သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Piyush Goyal သည် ဘာစမာတီဆန်တင်ပို့သူများနှင့် ယခုလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြကြသည်။ ဆန်တင်ပို့သူများက MEP တစ်တန်လျှင် ကန်ဒေါ်လာ ၈၅၀ သို့လျှော့ချရန် ဝန်ကြီးအား တောင်းဆိုခဲ့ကြောင်း သိရသည်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ MEP ​​လျှော့ချဖြတ်တောက်မည့် အပြီးသတ်ဆုံးဖြတ်ချက်ကို ယခုလ ၂၇ ရက်နေ့ သို့မဟုတ် ၂၈ နေ့တွင် ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်တင်ပို့ရောင်းချသူ များအသင်း(All India Rice Exporters Association) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၊ ဟာယာနာပြည်နယ်နှင့် ဥထာပရာဒစ်ပြည်နယ်အနောက်ပိုင်းရှိ လယ်သမားများအနေဖြင့် အစိုးရက MEP နှုန်းထားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ခဲ့သောကြောင့် စပါးတစ်ဧကလျှင် ရူပီး ၁၀,၀၀၀ ခန့်ဆုံးရှုံးဖွယ်ရှိသည်ဟုဆိုသည်။ အိန္ဒိယအစိုးရက MEP တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဘာစမာတီဆန်ဈေးသည် တစ် Quital(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၄၀၀ သို့ကျဆင်းသွားခဲ့သည်။ အိန္ဒိယအစိုးရအနေဖြင့် လာမည့်နှစ်တွင်ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီတွင် တောင်သူလယ်သမားများကို ငွေကြေးဆုံးရှုံးနစ်နာမှု မရှိစေလို‌ကြောင်း သိရသည်။

အချို့သောအထူးဘာစမာတီစပါးမျိုးများကို ပြည်ပသို့တင်ပို့ရန်အတွက်သာစိုက်ပျိုးကြသည့်အတွက် အဆိုပါဆန်မျိုးများအတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ အောက်၌ တင်ပို့ခွင့်ပြုခြင်းသည် ပြည်တွင်းဆန်ဈေးနှုန်းကို ထိခိုက်စေမည်မဟုတ်ဟု အစိုးရတာဝန်ရှိသူတစ်ချို့က ယူဆကြသည်။ အိန္ဒိယအစိုးရသည် ယခုနှစ်၊ ဩဂုတ်လက ဘာစမာတီဆန်မဟုတ်သောဆန်ဖြူများကို တရားမဝင်တင်ပို့မှုရပ်တန့်ရန်ရည်ရွယ် ၍ ဘာစမာတီဆန်တင်ပို့မှုကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ အောက်လျော့နည်းသောဈေးနှုန်းဖြင့် တင်ပို့ခြင်းကို တားမြစ်ခဲ့သည်။

ဆန်ဈေးကွက်ရှာဖွေရေးနှင့် ဆန်တင်ပို့သည့်ကုမ္ပဏီတစ်ခုဖြစ်သော RiceVilla ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် Suraj Agarwal က လက်ရှိတွင် MEP ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားခြင်းကြောင့် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၀ သာရှိသော ပျှမ်းမျှပို့ကုန်ဈေးနှုန်းထက် များစွာမြင့်မားလျက်ရှိသည်ဟုဆိုသည်။ ပူဆာဘာစမာတီ ၁၅၀၉(Pusa Basmati 1509)ခေါ် အထူးမျိုးကောင်းဆန်သီးနှံသစ်များ ဈေးကွက်ထဲသို့ စတင်ဝင်ရောက်နေပြီဖြစ်သောကြောင့် ပို့ကုန်အမှာများကို အချိန်ကိုက်ကြိုတင်စာရင်းသွင်းခြင်း မပြုလုပ်နိုင်ပါက အိန္ဒိယအနေဖြင့် ကမ္ဘာ့ဘာစမာတီဆန် ဈေးကွက်တွင် ပါကစ္စတန်နိုင်ငံသို့ ဝေစုအများအပြား ခွဲဝေပေးရဖွယ်ရှိနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ထားသောစားသောက်ကုန်များတင်ပို့ရေးဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိကာလအတွင်း ပြည်ပသို့ ဘာစမာတီဆန်တင်ပို့မှုမှာ မက်ထရစ်တန်သန်းပေါင်း ၁ ဒသမ ၆၁ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံရှိကြောင်းနှင့် ယခင်နှစ်ကာလတူက မက်ထရစ်တန်သန်းပေါင်း ၁ ဒသမ ၅၁ တန်၊ တန်ဖိုးအားဖြင့် ၁ ဒသမ ၅၇ ဘီလီယံသာတင်ပို့ခဲ့ကြောင်း သိရသည်။ကမ္ဘာ့ဆန်ဈေးကွက်၌ အိန္ဒိယနိုင်ငံ၏ဘာစမာတီဆန်ဈေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၂၀ ပေါက်ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့ရောင်းချသူများအသင်းမှ ပြောကြားခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၆ ရက်ကဖော်ပြခဲ့သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ မူဝါဒတင်းတင်းကျပ်ကျပ်ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိသုံးသပ်ရပါသည်။ ပြည်တွင်း၌ ဆန်ဖူလုံစွာရရှိရန်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရန် ပြည်ပတင်ပို့မှုကို အဆင့်ဆင့်ကန့်သတ်ထိန်းချုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုအခါ ပါကစ္စတန်နိုင်ငံက ၎င်း၏ဘာစမာတီဆန်၏ အနိမ့်ဆုံးပို့ကုန်စျေးနှုန်း(Minimum Export Price-MEP)ကို ယခင်သီတင်းပတ်က အမေရိကန်ဒေါ်လာ ၁၁၀၂ သတ်မှတ်ခဲ့ရာမှ ယခုအခါ အမေရိကန်ဒေါ်လာ ၁၀၅၀ သို့ လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် အိန္ဒိယဆန်တင်ပို့သူများအတွက် ဈေးကွက်ဝေစုဆုံးရှုံးနိုင်သည့် အနေအထားတွင် ရောက်ရှိနေပါသည်။

အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထုတ်ကုန်များ ဝယ်ယူနိုင်ရန်အကြောင်းပြချက်ဖြင့် အီရန်နိုင်ငံ၏ရေနံရောင်းရငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို လွှဲပြောင်းခွင့်ပြုခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံက ကမ္ဘာ့ဆန်ဈေးကွက်တွင် အသာစီးရယူရန် ယင်းသို့ MEP နှုန်းထား လျှော့ချသတ်မှတ်ခဲ့ဖွယ်ရှိကြောင်း သိရသည်။ ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့်လည်း ၎င်းအားဖြေလျှော့သတ်မှတ်သွားဖွယ်ရှိကြောင်း အိန္ဒိယဆန်ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Times of India သတင်းဌာန၊ “Basmati export floor price may be lowered to counter Pakistan move”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။

The Hindu Businessline သတင်းဌာန၊ “India set to lower base price for basmati exports to $850/t”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်။

)ကောင်းထွဋ်‌အောင်စီးပွား‌ရေးသံမှူးကော်လ်ကတ္တားမြို့(

Category: International News