International News

ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ကုမ္ပဏီများအပေါ် ဂျပန်အစိုးရအနေဖြင့် ၈ ရာခိုင်နှုန်း ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသွားမည်

Last Updated:

ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မှုကိုတွန်းအားပေးနိုင်ရန်ရည်ရွယ်၍ ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်ကုမ္ပဏီများအပေါ် ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၈ ရာ ခိုင်နှုန်းကို ဝင်ငွေခွန်လျှော့ချပေးဆောင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ၂၅-၁၁-၂၀၂၅ ရက်နေ့ထုတ် The Japan News သတင်းစာတွင် “Govt Plans 8% Corporate Capital Investment Tax Credit” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်အစိုးရ၏ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာအခွန်စနစ်ကို ၂၀၂၆ ဘဏ္ဍာနှစ် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှ အကောက်ခွန်တိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံသို့ တင်ပို့မှုကျဆင်းခဲ့ရသည့် ကုမ္ပဏီများအပေါ်လည်း အထူးအခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများမှ ၁၅ ရာခိုင်နှုန်းဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရ၏ ဝင်ငွေခွန်ကင်းလွတ်ခွင့်အစီအစဉ်ကို ၅ နှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်နှစ်စဉ်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုရမည့်ပမာဏမှာ ယန်း ၅၀၀ ဘီလီယံအထိရှိနိုင်မည်ဖြစ်ကြောင်း၊ ဝင်ငွေခွန်လျှော့ချပေးဆောင်ခွင့်ပြုမည့် ကုမ္ပဏီများအနေဖြင့် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရမည်ဖြစ်ပြီး၊ ရင်းနှီး မြှုပ်နှံမှုမှ အမြတ်ပြန်လည်ရရှိနိုင်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းကျော်ရှိရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝင်ငွေခွန်လျှော့ချပေးဆောင်ခွင့်ရရှိခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းသုံးစက်ပစ္စည်းများ၊ ဆော့ဝဲလ်များနှင့် စက်ရုံတည်ဆောက်ရန်ကဲ့သို့သော လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi အစိုးရက သတ်မှတ်ထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တု၊ သင်္ဘောတည်ဆောက်ခြင်းနှင့် Quantum နည်းပညာအပါအဝင် မဟာဗျူဟာကျသည့်ကဏ္ဍ(၁၇)ခုတွင် ရင်းနှီးမြှုပ်နှံမည့်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းတွင် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည့် လုပ်ငန်းများမှ ပထမနှစ်အတွင်းပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုအားလုံးအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာ ဂျပန်နိုင်ငံအတွက် ဖွံ့ဖြိုးမှုအလား အလာရှိသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ မဖြစ်ပေါ်စေရေးနှင့် လုပ်ငန်းအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို စဉ်ဆက်မပြတ်ပြုလုပ်သွားနိုင်ရန်ရည်ရွယ်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဲ့သို့သော ရည်ရွယ်ချက်များဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် လုပ်ငန်းများအပေါ်လည်း အခွန်ဆိုင်ရာ အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပထမ ၁ နှစ်အတွင်း ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသွားရန် စီစဉ်လျက်ရှိကြောင်း၊ ယခင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးလက်ထက် ၂၀၁၄ ခုနှစ်တွင် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုအပေါ် ၅ ရာခိုင်နှုန်းအခွန်ကင်းလွတ်ခွင့်ကို ၃ နှစ်ကြာခွင့်ပြုပေးခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ပေးမှုကြောင့် အဆိုပါအခွန်ကင်းလွတ်ခွင့်ပြုပေးသည့်ကာလအတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ ယန်း ၈၀ ထရီလီယံမှ ယန်း ၈၇ ထရီလီယံအထိများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံနှင့် အချို့သောအီးယူနိုင်ငံများအနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန်ရည်ရွယ်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်များပြုပေးခဲ့သည့်အတွက် ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စေရန်ရည်ရွယ်၍  ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်များပြန်လည်ခွင့်ပြုပေးရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုအားလုံးကို ဝင်ငွေခွန်မှ ခုနှိမ်ပေးဆောင်ခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ပြဌာန်းခဲ့ကြောင်း၊ အလားတူ ဂျာမနီနိုင်ငံအနေဖြင့် ယူရို ၄၆ ဘီလီယံ(ယန်း ၈.၃ ထရီလီယံ) အခွန်လျှော့ချပေးခြင်းနှင့် အနာဂတ်တွင် ဝင်ငွေခွန်လျှော့ချပေးသွားမည့် ပြဌာန်းချက်များပါဝင်သော ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ပြဌာန်းခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်သောအထူးအခွင့်အရေးများပေးအပ်ခြင်းမရှိပါက ဂျပန်ကုမ္ပဏီများအနေဖြင့် ပြည်ပနိုင်ငံများသို့ ပြောင်းလဲ၍ ရင်းနှီးမြှုပ်နှံမည့် အန္တရာယ်များရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News