International News

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၃၄၀ ဘီလီယံဖြင့် ၁၂.၉ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့

Last Updated:

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၄၀ ဘီလီယံဖြင့် ၁၂.၉ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး ၄ နှစ်တာကာလအတွင်း အခိုင်မာဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက ပြောကြားချက်အရ သိရှိရပါသည်။

တိုးတက်ခဲ့မှုသည် အမေရိကန်၏ကုန်သွယ်ခွန်အတားအဆီးများရှိနေသော်လည်း အီလက်ထရောနစ် ပို့ကုန်များနှင့်အမေရိကန်သို့တင်ပို့မှုများမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ သွင်းကုန်သည်လည်း အမေရိကန်ဒေါ်လာ ၃၄၅ ဘီလီယံဖြင့် ၁၂.၉ ရာခိုင်နှုန်းတိုးတက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်သည် အမေရိကန် ဒေါ်လာ ၂၈.၉ ဘီလီယံဖြင့် ၁၆.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သွင်းကုန်သည်လည်း အမေရိကန်ဒေါ်လာ ၂၉.၃ ဘီလီယံဖြင့် ၁၈.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ သွင်းကုန်သည် ၃ နှစ်တာကာလအတွင်း အမြင့်ဆုံးတိုးတက်မှုဖြစ်ခဲ့ခြင်းမှာ ကုန်ကြမ်းတင်သွင်းမှုများနှင့်တစ်ဝက်အပြီးသတ်ထားသောထုတ်ကုန်များ၊ လျှပ်စစ် ဆားကစ်စ်ပြားများ၊ ရွှေ၊ ယန္တရား၊ လျှပ်စစ်အသုံးအဆောင်များနှင့် လူသုံးကုန် ပစ္စည်းများတင်သွင်းမှု ပိုမိုမြင့်မားလာသောကြောင့်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ချုပ် Mr. Nantapong Chiralerspong က သုံးသပ်ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း အဓိကဈေးကွက်များသို့ တင်ပို့မှုသည် ၁၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇၂.၅ ဘီလီယံဖြင့် ၃၂ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၉.၇ ဘီလီယံဖြင့် ၁၂.၆ ရာခိုင်နှုန်း၊ ဂျပန်သို့ တင်ပို့မှုသည် ၁.၁ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂသို့တင်ပို့မှုသည် ၉.၃ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မှုသည် ၄.၃ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ပါကြောင်း၊ ပထဝီနိုင်ငံရေးမသေချာမှုများနှင့် ဘတ်ငွေခိုင်မာနေမှုသည် ယခုနှစ်ပို့ကုန်အတွက် အဓိကစိုးရိမ်လျက်ရှိသည့် အချက်များဖြစ်ကြောင်း၊ ဘတ်ငွေခိုင်မာနေခြင်းသည် စိုက်ပျိုးရေးထုတ်ကုန်များကို ကြီးမားစွာထိခိုက်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် သွင်းကုန်များကို ဈေးသက်သာစေပြီး ပြည်တွင်း SME ထုတ်ကုန်များနှင့် ယှဉ်ပြိုင်စေပါကြောင်း၊ ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှုခန့်မှန်းချက်သည် ပထဝီဝင်နိုင်ငံရေးပဋိပက္ခပြင်းထန်ပါက ၃.၁ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ပထဝီဝင်နိုင်ငံရေးအခြေအနေတိုးတက်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုခိုင်မာပါက ၁.၁ ရာခိုင်နှုန်းတိုးတက်နိုင်ပါကြောင်း Mr. Nantapong က ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News